Tuesday, October 25, 2016

အတိတ်အီကော်လော်ဂျီ (Paleoecology)

ဒေါက်တာမြင့်လွင်သိမ်း အီကော်လော်ဂျီ (ecology) သည် သက်ရှိများ (တိရစ္ဆာန်နှင့် သစ်ပင်)နှင့် ယင်းတို့၏ ပတ်ဝန်းကျင်ကို အပြန်အလှန် ဆက်သွယ်နေပုံကို သိပ္ပံနည်းဖြင့် လေ့လာသော ဇီဝဗေဒ ပညာရပ်တခုဖြစ်သည်။ အတိတ်အီကော်လော်ဂျီ (paleoecology) သည် ရှေးခေတ်အခါက ကမ္ဘာမြေပေါ်တွင် အသက်ရှင် နေထိုင်ခဲ့ကြသော သက်ရှိများနှင့် ယင်းတို့၏ ပတ်ဝန်းကျင်တို့ ဆက်သွယ်ပုံ အကြောင်းအရာများကို သိပ္ပံနည်းဖြင့် စူးစမ်းရှာဖွေ ဖေါ်ထုတ်ပေးသော ကျောက်ဖြစ်ရုပ်ကြွင်းဗေဒ (paleontology) ၏ ပညာရပ်တခု ဖြစ်သည်။ ကျောက်ဖြစ်ရုပ်ကြွင်းဗေဒသည် ရှေးဘူမိခေတ်များအတွင်းက နေထိုင်တည်ရှိခဲ့ကြသော သက်ရှိများ၏ အကြောင်းကို ကျောက်ဖြစ်ရုပ်ကြွင်း (fossil) များ (ကျောက်ဖြစ်လျက်ရှိသော အတိတ်ခေတ် သက်ရှိများ၏ အကြွင်းအကျန်များ)ကို အထောက်အထားပြုကာ လေ့လာသော ဘူမိဗေဒသိပ္ပံ ပညာရပ်တခု ဖြစ်သည်။ အထက်ပါ ရှင်းလင်း ဖွင့်ဆိုချက်များအရ “အတိတ်အီကော်လော်ဂျီ” သည် ဇီဝဗေဒနှင့် ဘူမိဗေဒပညာရပ် နှစ်ခုစလုံးနှင့် ဆက်စပ်နေကြောင်း ထင်ရှားစွာ တွေ့ရလေသည်။ အီကော်လော်ဂျီ အတိတ်အီကော်လော်ဂျီကို ကျနစွာ နားလည်နိုင်ရန် ပစ္စုပ္ပန် အီကော်လော်ဂျီကို ခေတ်မီစွာ နားလည်ဖို့ အလွန်လိုအပ်ပေသည်။ သက်ရှိတို့၏ ပတ်ဝန်းကျင်ကို ပြုလုပ်ဖန်တီးထားသည့် အီကော်လော်ဂျီအချက် (ecologic factor) များသည် အမြဲတမ်းပြောင်းလဲနေသည့်ပြင် တခုနှင့်တခုလည်း ဆက်စပ်နေလျက် အလွန်တရာ ရှုပ်ထွေးလှပေသည်။ ပတ်ဝန်းကျင်ဟု ဆိုရာ၌ ရုပ်ပတ်ဝန်းကျင်၊ ဓါတ်ပတ်ဝန်းကျင်၊ ဇီဝပတ်ဝန်းကျင် တို့ကို ဆိုလိုသည်။ ရုပ်ပတ်ဝန်းကျင်၌ ပါဝင်သည့် အရေးကြီးသော အီကော်လော်ဂျီအချက်များသည် အပူချိန်၊ အလင်းရောင် အခြေအနေ၊ ဖိအား၊ ဆွဲအား၊ ရေဒီယေးရှင်း (radiation)၊ ရေအနက်၊ ရေလှုပ်ရှားမှု၊ ပင်လယ်အောက် သို့မဟုတ် ကုန်းမြေ၏ အခြေအနေနှင့် မျက်နှာပြင်၊ အောက်ခြေ အနည်ထိုင်ခြင်း အခြေအနေ၊ ရေထုနှင့် ကုန်းမြေ၏ ပထ၀ီအနေအထား စသည်တို့ဖြစ်ကြသည်။ ဓါတ်ပတ်ဝန်းကျင်တွင် ရေငန်ခြင်း၊ ရေတွင်ပျော်ဝင်နေသည့် အောက်စီဂျင် (oxygen)၊ ကာဗွန်ဒိုင်အောက်ဆိုက် (carbon dioxide)၊ နိုက်တြိုဂျင် (nitrogen) စသည့် ဓါတ်ငွေ့များ၊ ရေတွင်ပျော်ဝင်ခြင်း မရှိသည့် ကော်လွိုက် (colloid) စသည့် အီကော်လော်ဂျီအချက်များ ပါဝင်ကြသည်။ ဇီဝပတ်ဝန်းကျင်တွင် အစားအစာ ပါဝင်သည့် သက်ရှိတို့၏ ဦးရေ၊ ပမာဏ၊ အမျိုးအစား၊ သက်ရှိများနှင့် အခြား မျိုးစိတ် (species) များ၏ အပြန်အလှန်ဆက်သွယ်ထောက်ကူမှု (symbiotic relationship) များ၊ သက်ရှိများ ပျံ့နှံ့သွားလာမှု၊ မွေးနှုန်းနှင့် သေနှုန်း၊ ဦးရေ၊ တိုးပွားမှုနှင့် ဆုတ်ယုတ်မှု စသည့် အီကော်လော်ဂျီအချက်များ ပါဝင်သည်။ အထက်ပါ အီကော်လော်ဂျီ အချက်များအနက် အချို့သည် မျိုးစိတ်တခု၏ ပြန့်ပွားရေး၌ အခြားအချက်များထက် အရေးကြီးပေသည်။ မျိုးစိတ်အမျိုးမျိုးတို့သည် တူညီသည့် အီကော်လော်ဂျီ အချက်များ၏ ပြုပြင်ဖန်တီးမှုကို ကွဲပြားစွာ ရရှိတတ်ကြသည်။ သို့သော်လည်း အချက်တခုခု၏ အရေးကြီးပုံသည် ပြဿနာ အမျိုးအစားကိုလိုက်၍ ပြောင်းလဲလျက်ရှိပေသည်။ ချုံ၍ကြည့်လျှင်ကား များသောအားဖြင့် အီကော်လော်ဂျီ အချက်အချို့သည် တခုနှင့်တခု နီးကပ်စွာ ဆက်စပ်နေသည့် အလျောက် ယင်းတို့၏ အရေးကြီးပုံကို အဆင့်အတန်း ခွဲခြားသိရှိနိုင်ရန်မှာ ခဲယဉ်းလှသည်။ ဇီဝထု (biota) နှင့် ပတ်ဝန်းကျင်တို့ အတူအကွ ဖွဲ့စည်းတည်ရှိနေသည့် စနစ်ကြီးကို အီကိုစနစ် (ecosystem or ecological system) ဟု ခေါ်၏။ ယင်း အီကိုစနစ်တွင် သက်ရှိများနှင့် ပတ်ဝန်းကျင်တို့သည် အပြန်အလှန် ရှုပ်ထွေးစွာ ဆက်သွယ်နေကြသည်။ ဇီဝထုသည် ဇီဝပထ၀ီ (Bio-geography) ပျံ့နှံ့မှုတွင် အကျုံးဝင်နေသောကြောင့်၎င်း အတည်တကျမရှိပဲ ပြောင်းလဲလှုပ်ရှားလျက် ရှိပေသည်။ (ပုံ ၁ ရှု။) ဆင့်ကဲဖြစ်စဉ် (evolution) သည် ပတ်ဝန်းကျင် ပြောင်းလဲခြင်းကြောင်း၎င်း၊ အချိန် ကြာမြင့်ခြင်းကြောင့်၎င်း၊ မြူတေးရှင်း (mutation) ခေါ် ဂျီးန (genes) များ ပြောင်းလဲခြင်းကြောင့်၎င်း ဖြစ်ပေါ်လေသည်။ ပတ်ဝန်းကျင် ကိုယ်တိုင်သည်လည်း ဇီဝထု ပြောင်းလဲသည့်အလျောက် အလိုက်သင့် ပြောင်းလဲလျက်ရှိသည်။ အတိတ်အီကော်လော်ဂျီ ယေဘူယျအားဖြင့် အတိတ်အီကော်လော်ဂျီသည် ရှေးခေတ်က ဖြစ်ပျက်ခဲ့သည့် အီကော်လော်ဂျီကို လေ့လာသည့် ပညာရပ်ပင် ဖြစ်၏။ ဤအတိတ် အီကော်လော်ဂျီ၏ လေ့လာချက်တွင် တချိန်တခါက ဖြစ်ထွန်းတည်ရှိခဲ့သည့် သက်ရှိများ၏ ကျောက်အဖြစ် ပြောင်းလဲသွားသော ရုပ်ကြွင်းများကို၎င်း၊ ယင်းကျောက်ဖြစ်ရုပ်ကြွင်းများနှင့် အတူအကွ တွေ့ရှိရသည့် အနည်ကျကျောက် (sedimentary rock) များကို၎င်း အတူတကွ လေ့လာရသည်။ ကျောက်ဖြစ်ရုပ်ကြွင်းများသည် အတိတ်က သက်ရှိများ၏ အကြောင်းနှင့် ဇီဝပတ်ဝန်းကျင်ကို ညွှန်းပြ၍ အနည်ကျကျောက်များနှင့် ရုပ်ကြွင်းကျောက်များကမူ အတိတ်၏ ရုပ်ပတ်ဝန်းကျင်နှင့် ဓါတ်ပတ်ဝန်းကျင်တို့ကို ညွှန်းပြပေသည်။ ရုပ်ကြွင်းများသည် အနည် (sediment) များ၏ ဖိဖုံးခြင်းကို ခံရပြီးနောက် နှစ်ပေါင်း မြောက်များစွာ ကြာညောင်းမှ ကျောက်ဖြစ်ရုပ်ကြွင်းအဖြစ်သို့ ပြောင်းလဲသွားရသည့်အလျောက် အတိတ်အီကော်လော်ဂျီကို လေ့လာရာတွင် ပစ္စုပ္ပန် အီကော်လော်ဂျီ အချက်အလက်များကို သိရှိနားလည်ရန် များစွာ လိုသည့်ပြင်၊ ရုပ်ကြွင်းများ အသက်ရှင်စဉ်က ဖြစ်ပျက်ခဲ့သော ပတ်ဝန်းကျင် အခြေအနေများကို သိရှိနိုင်ရန် ဘူမိလုပ်ရပ် (geological process) များ၊ အထူးသဖြင့် အနည်ကျခြင်း အကြောင်းအရာ (sedimentation) များကို နားလည်ရန်လည်း အဓိက အရေးကြီးပေသည်။ ရုပ်ကြွင်းများ၏ အတိတ်သဟာယအဖွဲ့အစည်း (paleo-community structure) နှင့် အတိတ်အီကော်လော်ဂျီများကို လေ့လာရာ၌ အနည်ကျခြင်းနှင့် သယ်ယူပို့ဆောင်ခြင်း အကြောင်းအရာများသည် အရေးကြီးလှသည်။ အတိတ်ခေတ်အတွင်းက သက်ရှိများသည် သေပြီးနောက် အနည်များ၏ ဖိဖုံးခြင်း မခံရလျှင် အခြားသတ္တ၀ါများ၏ စားသုံး ဖျက်ဆီး ပစ်ခြင်းကိုသော်၎င်း၊ ဘူမိလုပ်ရပ်များ၏ ဖျက်ဆီးခြင်းကိုသော်၎င်း ခံရမည်ဖြစ်၍ ထိုသက်ရှိတို့၏ အထောက်အထားများသည် ကျန်ရစ်ခဲ့နိုင်မည် မဟုတ်ပေ။ သို့မဟုတ်လျှင်လည်း ဘူမိလုပ်ရပ်များ၏ အခြားတနေရာသို့ သယ်ယူပို့ဆောင်ခြင်းကို ခံရပြီးမှ အနည်များ၏ ဖိဖုံးခြင်းကို ခံရတတ်လေသည်။ သယ်ယူပို့ဆောင်ခြင်း ခံရသည့်အလျောက်လည်း နဂိုရှိရင်းစွဲ သဟာယအနေအထားသည် မူမှန်ခြင်းကင်းမဲ့စွာ ပျက်ပြားနေတတ်သည်။ သက်ရှိများ အသက်ရှင်နေစဉ်အတွင်း နေရာဒေသ တခုအတွင်း၌ တဦးနှင့်တဦး အပြန်အလှန် ဆက်သွယ်မှီခိုလျက် နေထိုင်ခဲ့သည့် သဟာယအဖြစ်ကို သက်ရှင်ပေါင်းစု (biocoenosis) ဟုခေါ်လေသည်။ ကျောက်ဖြစ်ရုပ်ကြွင်းများအဖြစ် တည်ရှိသည့် သက်ရှိပေါင်းစုကို ကျောက်ဖြစ်ရုပ်ကြွင်းသက်ရှင် ပေါင်းစု (fossil life assemblage) ဟုခေါ်သည်။ အကယ်၍ ထိုသက်ရှင်ပေါင်းစုသည် အနည်များ၏ ဖိဖုံးခြင်းကို မခံရမီက သယ်ယူ ပို့ဆောင်ခြင်း စသည့်ဒဏ်များကို ခံရပါက နဂိုသဘာဝ သဟာယ၏ အနေအထား ပျက်ပြားသွားလေ့ ရှိသဖြင့် ယင်းကို ကျောက်ဖြစ်ရုပ်ကြွင်း သေပေါင်းစု (fossil death assemblage) အဖြစ်ဖြင့်သာ တွေ့ရှိရပေမည်။ ကျောက်ဖြစ်ရုပ်ကြွင်းသက်ရှင်ပေါင်းစုသည် တချိန်က ဖြစ်ထွန်းပေါ်ပေါက်ခဲ့သည့် သက်ရှိများ၏ သဟာယအဖွဲအစည်းကို လေ့လာရာ၌ အသုံးဝင်လေသည်။ အဆိုပါ အတိတ်သဟာယ၏ ဖွဲ့စည်းပုံကို သိရခြင်းအားဖြင့် သက်ရှိများ၏ မျိုးဆက်ပြန့်ပွားပုံ၊ ဦးရေတိုးပွားပုံ သို့မဟုတ် ဆုတ်ယုတ်ပုံ၊ သက်ရှိများ၏ မျိုးစိတ်တွင်းနှင့် မျိုးစိတ်ချင်း အဆက်အသွယ်ပြုပုံ၊ သက်ရှိများ၏ အဆင့်ဆင့်ပြောင်းလဲပုံ တို့ကို သိရှိနိုင်လေသည်။ ကျောက်ဖြစ်ရုပ်ကြွင်း သေပေါင်းစုမှာ အတိတ်သဟာယ၏ ဖွဲ့စည်းပုံကို လေ့လာရာ၌ အသုံးမ၀င်ချေ။ သို့သော်လည်း ယင်းသည် ကျောက်ဖြစ်ရုပ်ကြွင်း သက်ရှင်ပေါင်းစုကဲ့သို့ပင် အတိတ်၏ ပတ်ဝန်းကျင် အခြေအနေနှင့် အနည်ကျခြင်း အခြင်းအရာများကို ခန့်မှန်းရာ၌မူ အသုံးဝင်လေသည်။ အတိတ်၏သော့ချက် ပုံ (၁)သည် အတိတ်အီကော်လော်ဂျီ လေ့လာချက်ကို သိရှိနိုင်ရန် ရေးဆွဲထားသော ပုံဖြစ်၏။ (က) စက်ဝန်းသည် အတိတ်ကတည်းက ရှိခဲ့ဖူးသည့် အီကိုစနစ်ကြီးဖြစ်သည်။ ယင်းစနစ်ကြီးတွင် ဇီဝထုသည် သက်မဲ့ကဲ့သို့ တည်ငြိမ် ရပ်တန့်နေခြင်းမရှိပဲ အခြေအနေအရ အဆင့်ဆင့်ပြောင်းလဲလျက်၎င်း၊ ဇီဝပထ၀ီအလိုက် ပျံ့နှံ့လျက်၎င်း ပတ်ဝန်းကျင်နှင့် အထိုက်အလျောက် အပြန်အလှန်ရှုပ်ထွေးစွာ ဆက်သွယ်လျက်နေသည်။ (ခ)စက်ဝန်းမှာ မျက်မှောက်ခေတ်၌ တွေ့ရှိရသည့် ရှေးခေတ်အီကိုစနစ်ကြီး၏ ၀တ္တုပစ္စည်းများ ဖြစ်သည်။ ဤ၀တ္တုပစ္စည်းများသည် အနည်ထိုင်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ဒိုင်ယာဂျင်းနစ်စစ် (diagenesis) ဟုခေါ်သည့် ကျောက်သားပြောင်းလဲခြင်းများ ပါဝင်သော ဘူမိလုပ်ငန်းများကြောင့် နဂိုအီကိုစနစ်ကြီးအတွင်း၌ တွေ့ရှိနိုင်သည့် ၀တ္တုပစ္စည်းများနှင့် ပုံပန်းသဏ္ဍာန်အားဖြင့်၎င်း၊ သဘောသဘာဝ အနေအထားအားဖြင့်၎င်း တူညီချင်မှ တူညီပေတော့မည်။ ယင်းဝတ္တုပစ္စည်းများသည် ကျောက်ဖြစ်ရုပ်ကြွင်းများနှင့် အနည်ကျကျောက်များ ဖြစ်ကြ၏။ ကျောက်ဖြစ်ရုပ်ကြွင်းများကို ဇီဝဖေးဆီး (biofacies) ဟု ခေါ်၍ အနည်ကျကျောက်များကို ကျောက်ဖေးဆီး (rock facies) ဟုခေါ်သည်။ (ခ)စက်ဝန်းကို ဘူမိပေါ်ထွက်ပိုင်း (geological outcrop) များ၌သာ တွေ့ရ၏။ (ခ) စက်ဝန်း၏ အနေအထားနှင့် သဘော သဘာဝ တို့ကို စီစစ်လေ့လာခြင်းအားဖြင့် (က)စက်ဝန်း၏ အကြောင်း (၀ါ) အတိတ်အီကော်လော်ဂျီ အကြောင်းကို သိနိုင်လေသည်။ ဘူမိပေါ်ထွက်ပိုင်းများကို လေ့လာရာ၌ နမူနာကျောက်များကို ယူ၍ လေ့လာရသည်။ ယင်းနမူနာ ကျောက်များကို (ဂ)စက်ဝန်းပါ ပုံ (၁)တွင် ဖေါ်ပြထားသည်။ ထို့ကြောင့် (ဂ)စက်ဝန်းသည် အတိတ်အီကော်လော်ဂျီကို ရှာဖွေ လေ့လာရာ၌ အဓိက သော့ချက်ပင်ဖြစ်သည်။ အတိတ်အီကော်လော်ဂျီကို လေ့လာမှု၌ အရေးအကြီးဆုံးပြဿနာသည် (ဂ)စက်ဝန်းနှင့် (က)စက်ဝန်းတို့၏ ဆက်စပ်မှုကို ရှာရန်ပင်ဖြစ်သည်။ (ဂ)စက်ဝန်းကို သိပ္ပံနည်းကျကျ လေ့လာခြင်းအားဖြင့် (က)စက်ဝန်းတွင်း တည်ရှိ ဖြစ်ပျက်ခဲ့သည့် အီကော်လော်ဂျီ အကြောင်းအရာများကို၎င်း၊ (ခ)စက်ဝန်းတွင်း ဘူမိပေါ်ထွက်ပိုင်းများ အဖြစ်ဖြင့် ကြွင်းကျန်ရစ်ခဲ့သည့် အချိန်အထိ အထက်ဖေါ်ပြပါ အီကော်လော်ဂျီ ပြောင်းလဲချက် များကို၎င်း သိရှိရလေသည်။ ဤကဲ့သို့ (ဂ)စက်ဝန်းမှတဆင့် (က)စက်ဝန်း၏ အကြောင်းအရာများကို ရှာဖွေလေ့လာရာတွင် သုတေသနပြုလုပ် လေ့လာချက် အမျိုးမျိုးအပေါ် မူတည်၍ သင့်လျော်သော သိပ္ပံနည်းများကို အသုံးပြုရလေသည်။ ယင်းနည်းများသည် ဇီဝဗေဒနည်း၊ အနည်ကျ ကျောက်အနေအထားနည်း၊ ကျောက်သားပြောင်းလဲမှုနည်း၊ စာရင်းအင်းဗေဒနည်းများ ဖြစ်ကြသည်။ (အထက်ပါ နည်းများနှင့် ပတ်သက်သော ဆောင်းပါးများကို နောင်တွင် အလျဉ်းသင့်သလို ရေးသားသွားရန် စာရေးသူတွင် ရည်ရွယ်ချက်ရှိပါသည်။) နိဂုံး အတိတ်အီကော်လော်ဂျီသည် ယခုခေတ်တွင်မှ ဖွံ့ဖြိုးတိုးတက် အသုံးဝင်လာသည့် ကျောက်ဖြစ်ရုပ်ကြွင်းဗေဒ ပညာရပ်၏ အကိုင်းအခက်တခု ဖြစ်သည်။ အတိတ်အီကော်လော်ဂျီကို လေ့လာရာ၌ အတိတ်ခေတ်၏ ဇီဝနှင့် ပတ်ဝန်းကျင်များ၏ သဘောသဘာဝကို သိရှိရသည့် အလျောက် ရေနံနှင့် ကျောက်မီးသွေး ရှာဖွေရေး၌ လွန်စွာ အရေးပါ အရာရောက်လေသည်။ အတိတ်အီကော်လော်ဂျီကို ရှုထောင့်အမျိုးမျိုးမှ လေ့လာနိုင်သဖြင့် ယင်းလေ့လာချက်နှင့် ပတ်သက်သော စာပေများသည် အမြောက်အများရှိလေသည်။ ဂျာနယ်၊ မဂ္ဂဇင်း၊ စာရွက်စာတန်း မျိုးစုံ၌ ဘာသာပေါင်းများစွာဖြင့် ရေးသားချက်များ ရှိလေသည်။ ဤပညာရပ်နှင့် ပတ်သက်၍ အင်္ဂလိပ်ဘာသာဖြင့် ပြုစုထားသည့် Treatise on Marine Ecology and Paleocology သည် အတိတ်အီကော်လော်ဂျီ သုတေသန ပြုသူများအတွက် အလွန်အသုံးဝင်သည့် စာအုပ်ဖြစ်သည်။ ယင်းကို အတွဲ ၂ တွဲ အဖြစ်ဖြင့် ၁၉၅၇ ခုနှစ်တွင် အမေရိကန် ဘူမိဗေဒအသင်း (Geological Society of America) က ထုတ်ဝေ ခဲ့သည်။ ကျောင်းသုံးစာအုပ်အဖြစ်ဖြင့် ၁၉၆၃ ခုနှစ်တွင် ဒီရက်၊အေဂါ (Derek Ager) ရေးသားထားသည့် Principles on Paleoecology စာအုပ် တအုပ် ရှိလေသည်။ ယင်းစာအုပ်အပြင် သုတေသတန ပညာရှင်အများ စုပေါင်းရေးသား၍ အင်ဗရီ (Imbrie) နှင့် နီဝဲ (Newell) တို့တည်းဖြတ်ကာ ၁၉၆၄ခုနှစ်တွင် ထုတ်ဝေသော Approaches to Paleoecology စာအုပ်သည် အလွန်ကောင်းမွန်၍ အဆင့်အတန်းမြင့်သည့် စာအုပ်တအုပ် ဖြစ်လေသည်။ ယင်းစာအုပ်သည် သုတေသနပြုလုပ်နေသည့် ပညာရှင်များနှင့် အတန်းကြီး ကျောင်းသားများအတွက် အထောက်အပံများစွာ ရစေမည့် စာအုပ်ဖြစ်သည်။ အထက်ဖေါ်ပြပါ စာအုပ်များသည် များမကြာမီ အချိန်ကမှ ပေါ်ထွက်လာသော စာအုပ်များသာဖြစ်သဖြင့် အတိတ်အီကော်လော်ဂျီ ပညာရပ်သည် မကြာမီကမှ စတင်ဖွံ့ဖြိုးလာသော ပညာရပ်ဖြစ်သည်မှာ ထင်ရှားပေသည်။ နောင်မကြာမီ အချိန်အတွင်းတွင်ကား ဤပညာရပ်သည် ပိုမို ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်သည့်အလျောက် ယင်းနှင့် သက်ဆိုင်သည့် စာအုပ်စာတမ်းများလည်း ပိုမို ထွက်ပေါ်လာလိမ့်မည်ဟု ခန့်မှန်း ရပေသတည်း။ (တက္ကသိုလ် ပညာပဒေသာစာစောင်၊ အတွဲ ၁၊ အမှတ် ၁၊ ၁၉၆၆ ပါ ဆောင်းပါးကို ပြန်လည်ကူးယူ ဖေါ်ပြပါသည်။)

No comments:

Post a Comment