Wednesday, October 12, 2016

ဘူမိဗေဒကောင်းတစ်ဦးတွင်ရှိရမည့်အရည်အချင်းများ

#ဘူမိဗေဒကောင်းတစ်ဦးတွင်ရှိရမည့်အရည်အချင်းများ (သတ္တုတွင်းဝန်ကြီးဌာန Ministry of Mine ဘူမိဗေဒလေ့လာရေးနှင့်ဓါတ်သတ္တုရှာဖွေရေးဦးစီးဌာန ကွင်းဆင်းလုပ်ငန်းများညွှန်ကြားချက်လက်စွဲ စာအုပ် 1984 မှ ကူးယူဖော်ပြထားပါသည်) ဘူမိဗေဒကောင်းတစ်ဦးတွင်ရှိရမည့်အရည်အချင်းများ ၁။ ကိုယ်ခန္ဒာကြံခိုင်သန်စွမ်းခြင်း (A Strong Physique) ၂။ ရေမြေတောတောင်သဘာဝကိုမြတ်နိုးချစ်ခင်တတ်မှုနှင့်အသိပညာ (Knowledge and love of nature and outdoor life) ၃။ လိုက်လျောညီထွေနေတတ်ခြင်း (Adaptability) ၄။ အခြေခံလေ့ကျင့်သင်ကြားမှုနှင့်ကွင်းဆင်းအတွေ့အကြုံ (Basic Training and Experience) ၅။ ကြိုတင်စီမံမှုနှင့်အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှု (Planning and Executive Ability) ၆။ အဆင်ပြေစွာပေါင်းသင်းဆက်ဆံတတ်မှု (Diplomacy and Tact) ၁။ ကိုယ်ခန္ဒာကြံခိုင်သန်စွမ်းခြင်း (A Strong Physique) ကွင်းဆင်းလုပ်ငန်းသည် ကာယအားဥာဏအားပါ စိုက်ထုတ်ကြိုးပမ်းရသောလုပ်ငန်းဖြစ်ပြီး ခက်ခဲကြမ်းတမ်းသော နယ်မြေတွင် ဆောင်ရွက်လုပ်ကိုင်ကြရသည် ဖြစ်သောကြောင့် လမ်းလျှောက်ခြင်း၊ တောင်တက်ခြင်း စတဲ့ ကာယအား စိုက်ထုတ်ဆောင်ရွက်ရန်လိုအပ်သော လုပ်ငန်းဖြစ်ပါသည်။ ထို့ကြောင့် ပင်ပန်းနွမ်းနယ်မှုကို ခံနိုင်ရည်ရှိပြီး လျင်မြန်စွာ ပြန်လည်အားဖြည့်နိုင်ရန် အထူးလိုအပ်ပါသည်။ သို့မဟုတ်ပါက ကွင်းဆင်းဝန်ထမ်းသည် မိမိ၏လုပ်ငန်းတွင် စိတ်အားထက်သန်မှု ယုတ်လျှော့သွားမည်မှာ သေခြာပြီး ကြည့်မြင်လေ့လာနားလည်နိုင်စွမ်းအားမှာလည်း အလျင်အမြန်လျော့နည်းသွားမည်သာ ဖြစ်လေသည်။ ထိရောက်မှုရှိသော ကွင်းဆင်းလုပ်ငန်းဖြစ်ရန် မလျော့သောလုံ့လ၊ မလျော့သောစိတ်ဝင်စားမှုနှင့် အသေးစိတ်အချက်အလက်များကို ဂရုပြုတတ်မှုတို့ဖြင့် အဆက်မပြတ်လှုပ်ရှားဆောင်ရွက်နိုင်ရပါမည်။ ၂။ ရေမြေတောတောင်သဘာဝကိုမြတ်နိုးချစ်ခင်တတ်မှုနှင့်အသိပညာ (Knowledge and love of nature and outdoor life) ဘူမိဗေဒပညာရှင်များသည် ကွင်းဆင်းလုပ်ငန်းများ၏ဆောင်ရွက်ချက်တရပ်မှာ ရုံးခန်းနှင့်ဓါတ်ခွဲခန်းများမှာကဲ့သို့ နေ့စဉ်လုပ်ငန်းများတွင် နစ်မြုပ်မနေဘဲ၊ သဘာဝပတ်ဝန်းကျင်တွင် လွပ်လပ်စွာလုပ်ငန်းများ ဆောင်ရွက်ကြရခြင်းပင် ဖြစ်လေသည်။ သဘာဝပတ်ဝန်းကျင်ကို စိတ်ဝင်စားမှုရှိသူတစ်ယောက်အဖို့ ကွင်းဆင်းလုပ်ငန်းများသည် မည်သည့်အခါမှ ငြီးငွေ့ဖွယ်ဖြစ်မည်မဟုတ်ချေ။ တွေ့ကြုံရသောအခြေအနေတိုင်းသည် ဘူမိဗေဒနှင့်တိုက်ရိုက်သက်ဆိုင်သည်ဖြစ်စေ၊ မသက်ဆိုင်သည်ဖြစ်စေ စိတ်ဝင်စားဖွယ်အတွေ့အကြုံအသစ်တစ်ခုကို ပေးသည်ချည်းသာ ဖြစ်လေသည်။ လူနေထူထပ်သောဒေသတွင် ကွင်းဆင်းလုပ်ငန်းလုပ်ဆောင်ရသောအခါတွင်မူ အဆင်မပြေမှုလေးများနှင့်တွေ့ကြုံရတတ်ပြီး၊ ဝေးလံသောလူသူမနီးသော တောတောင်များကြားတွင် ဆောင်ရွက်ရသောအခါတွင်မူ အရာရာတိုင်းကို ကိုယ့်အားကိုယ်ကိုးဆောင်ရွက်ရန်များစွာ အရေးကြီးလေသည်။ ကွင်းဆင်းရာဒေသအခြေအနေပေါ်မူတည်ပြီး ရေကူးတတ်ခြင်း၊ မော်တော်ယာဉ်များကို ပြုပြင်တတ်ခြင်းစသည့် အသိပညာများသည် လုပ်ငန်းကို အောင်မြင်ချောမွေ့စေသည်။ ထိုပြင် သေနတ်လက်နက်များကို ပစ်တတ်ခြင်း ရှေးဦးသူနာပြုစုခြင်းနှင့် အိမ်သုံးဆေးများသည် တဦးခြင်းဘေးအန္တရာယ်ကင်းရှင်းရေးအတွက် လိုအပ်ပေသည်။ ၃။ လိုက်လျောညီထွေနေတတ်ခြင်း (Adaptability) ဘူမိဗေဒလုပ်ငန်းများကို နေရာဒေသအမျိုးမျိုးတွင် သွားရောက်လုပ်ကိုင်ရသဖြင့် လူအမျိုးမျိုးနှင့် နေထိုင်ဆက်ဆံရသောကြောင့် လိုက်လျောညီထွေ နေထိုင်တတ်ရန် အထူးပင်လိုအပ်ပေသည်။ ကွင်းဆင်းရာတွင် ကွင်းဆင်းဒေသရှိ ဒေသခံတိုင်းရင်းသား လုပ်သားပြည်သူတို့၏ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ၊ ဘာသာနှင့် အယူဝါဒတို့ကို လေးစား၍ ပြေပြစ်စွာဆက်ဆံတတ်ပြီး တစ်ဦးကိုတစ်ဦးနားလည်မှုဖြင့် ချစ်ခင်ရင်းနှီးမှုကို ထူထောင်နိုင်ရမည်။ အထူးသဖြင့် မဖွံ့ဖြိုးသေးသော တောင်တန်းဒေသများတွင်လုပ်ငန်းဆောင်ရွက်ကြရသောအခါ မလွှဲမရှောင်သာ တွေ့ကြုံရသော ဆင်းရဲဒုက္ခများကို ကြီးမားသောသဘောထား၊ ကောင်းမြတ်သောစိတ်ထားဖြင့် ရွှင်ပြစွာလက်ခံနိုင်စွမ်းရှိရမည်။ လုပ်ငန်းဆောင်ရွက်ရာဒေသရှိ ဒေသခံတို့အပေါ်တွင် ကိုယ်ခြင်းစာ၍စိတ်ဝင်စားမှုထားရှိပါက တွေ့ကြုံရသော အဆင်မပြေမှုများနှင့် စိတ်ကသိကအောက်ဖြစ်စရာများမှာ များစွာလျော့ပါးသွားမည့်အပြင် မိမိလုပ်ငန်းအောင်မြင်ရေးအတွက် ဒေသခံတို့၏ ကူညီရိုင်းပင်းမှုကိုလည်း အပြည့်အ၀ရရှိပေမည်။ ၄။ အခြေခံလေ့ကျင့်သင်ကြားမှုနှင့်ကွင်းဆင်းအတွေ့အကြုံ (Basic Training and Experience) ဘူမိဗေဒပညာရှင်များသည် မိမိ၏လုပ်ငန်းတွင် စိတ်အားထက်သန်မှုရှိရပေမည်။ မိမိ၏အလုပ်တွင် စိတ်ဝင်စားမှုမရှိသူ၏လုပ်ဆောင်ချက်သည် မည်သည့်အခါမျှ ကျေနပ်ဖွယ်ရာရှိမည်မဟုတ်ပေ။ မိမိ၏ ဘူမိဗေဒပညာရပ်၏ အဓိကဘာသာရပ်ခွဲများတွင် အခြေခံကောင်းပြီး ကျယ်ကျယ်ပြန့်ပြန့်နားလည်ရမည်။ အဘယ်ကြောင့်ဆိုသော် ကွင်းဆင်းလုပ်ငန်းဆောင်ရွက်ရာဒေသများသည် မည်သည့်စာကြည့်တိုက်မျှ လက်လှမ်းမမီသည့်အပြင် ကျွမ်းကျင်သူအထူးပြုပညာရှင်များနှင့်လည်း တိုင်ပင်ဆွေးနွေးအကြံညဏ်မရယူနိုင်ချေ။ ထို့ကြောင့် ဘူမိဗေဒသမားများသည် တွေ့မြင်သမျှ ဘူမိဗေဒအချက်အလက်အားလုံးကို မြင်တတ်ကြည့်တတ်သုံးသပ်တတ်သော ပညာအခြေခံရှိရမည်။ သို့မဟုတ်ပါက မိမိဆောင်ရွက်နေသော လုပ်ငန်းအတွက် အလွန်ထူးခြားပြီး အရေးပါသော သွင်ပြင်လက္ခဏာများကို အမှတ်မထင် လျစ်လျူရှူမိတတ်သည်။ အတွေ့အကြုံသည် လွန်စွာအရေးကြီးပြီး လက်တွေ့လုပ်ဆောင်ခြင်းဖြင့်သာ ရရှိလေသည်။ ကွင်းဆင်းလုပ်ငန်းဆောင်ရွက်ပုံနည်းစနစ်ကောင်းများကို စာသင်ခန်းထဲတွင် ရုံးခန်းထဲတွင် သင်ပေးယုံ သင်တန်းပို့ချယုံ စာအုပ်များကိုကိုယ်တိုင်ဖတ်နေယုံဖြင့် ကျွမ်းကျင်တတ်မြောက်နိုင်မည်မဟုတ်ပေ။ ၅။ ကြိုတင်စီမံမှုနှင့်အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှု (Planning and Executive Ability) ဘူမိဗေဒကွင်းဆင်းလုပ်ငန်းဟူသမျှ ကြိုတင်စီမံရေးဆွဲ၍ လုပ်ဆောင်ရန်လိုအပ်လေသည်။ လုပ်ငန်းတစ်ခုလုံးအတွက် စီမံချက်နှင့် နေ့စဉ်ဆောင်ရွက်လုပ်ကိုင်သွားရမည့်မည့် စီမံချက်များကို ရေးဆွဲ၍ဆောင်ရွက်ရန် လိုအပ်ပေသည်။ ကွင်းဆင်းလုပ်ငန်းတစ်ခု၏ ထိရောက်စွမ်းဆောင်နိုင်မှုသည် ရရှိသည့်အချိန်အတွင်း လုပ်အားကိုအကျိုးရှိစွာ အသုံးချနိုင်မှုအပေါ်တွင် မူတည်သည်။ ၄င်းအချက်သည်လူအမျိုးမျိုးပါဝင်၍ ပူးပေါင်းဆောင်ရွက်ရသော ကွင်းဆင်းအဖွဲ့အတွင်းတွင် ပို၍အရေးကြီးလေသည်။ အဖွဲ့ဝင်များ၏အတွေ့အကြုံနည်းပါးမှုကို အဖွဲ့ခေါင်းဆောင်၏ကျွမ်းကျင်မှုဆိုင်ရာဦးဆောင်မှု (Professional Leadership) ညွှန်ကြားနိုင်မှုတို့နှင့် အားဖြည့်ပေးနိုင်သည်။ ဝေးလံ၍ ခက်ခဲသောဒေသများတွင် ဆောင်ရွက်ရမည့် ကွင်းဆင်းလုပ်ငန်းအတွက် ကြိုတင်စီမံရာတွင် ကွင်းသုံးပစ္စည်းကရိယာများရွေးချယ်မှု နှင့် ရိက္ခာထောက်ပံ့မှုတို့ပါဝင်လေသည်။ ထိုကိစ္စများအတွက် အတွေ့အကြုံပေါ်တွင် အခြေခံ၍ဆုံးဖြတ်ရန်လိုအပ်လေသည်။ အဘယ်ကြောင့်ဆိုသော် လုပ်ငန်းထိရောက်မှု၊ အဆင်ပြေမှုနှင့် အဖွဲ့၏အသက်အန္တရာယ်လုံခြုံမှုများလည်း အထက်ပါအချက်တွင် မူတည်နေပေသည်။ ညံ့ဖျင်းသောကြိုတင်စီမံမှုနှင့်မှားယွင်းသော ဆုံးဖြတ်ချက်များကြောင့် စိတ်မချမ်းမြေ့ဘွယ်ရာများနှင့် ကြုံတွေ့ရတတ်ပါသည်။ ၆။ အဆင်ပြေစွာပေါင်းသင်းဆက်ဆံတတ်မှု (Diplomacy and Tact) ဘူမိဗေဒကွင်းဆင်းလုပ်ငန်းများဆောင်ရွက်ရာတွင် အမြဲလိုပင်သူစိမ်းများနှင့် ဆက်ဆံကြရပြီး၊ တပါးသူများ၏ ခြံမြေများအတွင်း ၀င်ရောက်လုပ်ကိုင်ရသည့်အခါများလည်းရှိပေသည်။ ဒေသခံများနှင့်ဆက်ဆံရာတွင် အလိုက်သိပြီး စိတ်ရှည်စွာဆက်ဆံ၍ ချစ်ခင်ရင်းနှီးမှုကို ထူထောင်ရမည်။ ကွင်းဆင်းအဖွဲ့တစ်ခုတွင် အဖွဲ့ဝင်များသည် ကာလကြာမြင့်စွာ အတူနေအတူစား၍လုပ်ငန်းအတူတကွ ဆောင်ရွက်ကြရသဖြင့် တစ်ဦးနှင့်တစ်ဦး သည်းခံမှု၊ သဘောထားကြီးမှု၊ အလိုက်သိမှုတို့ဖြင့် ပြေပြေလည်လည်ဆက်ဆံကြမှသာ လုပ်ငန်းခွင်ပျော်ရွှင်ချမ်းမြေ့ပြီး လုပ်ငန်းများ ချောမွေ့အောင်မြေပေမည်။ အတိုက်အခံဖြစ်မှုနှင့် စိတ်မချမ်းမြေ့ဘွယ်ရာများ မကြုံရလေအောင် သည်းခံ၍စိတ်ရှည်ရှည်ထားပြီး ဟာသညဏ်ဖြင့်ဆက်ဆံရေး တင်းမာမှုများကို ဖယ်ရှားရန်လိုအပ်ပေသည်။

No comments:

Post a Comment