Tuesday, October 25, 2016
ဆည်မြောင်းလုပ်ငန်းဆိုသည်မှာ
======================
ဆည်မြောင်းလုပ်ငန်းမှာ ကန္တာရဖြင့်အတိပြီးသော တိုင်းပြည်များနှင့် ပူပြင်းခြောက်သွေ့သော တိုင်းပြည်များအဖို့ ရှေးဟောင်းအနုပညာတစ်ရပ်ဖြစ်ပြီး ယဉ်ကျေးမှုနှင့်အတူ ပေါက်ဖွားတတ်မြောက်လာခဲ့ကြသည့်ပညာရပ်ဖြစ်သည်။ ကမ္ဘာကြီးတစ်ခုလုံးအဖို့မူ ဆည်မြောင်းပညာရပ်သည် အမြဲတစေတိုးတက်နေသောလူဦးရေအတွက် စားနပ်ရိက္ခာလုံလောက်မှုရှိစေရန် အထူးဦးစားပေးလေ့လာနေရသော သိပ္ပံပညာရပ်ဖြစ်သည်။ ကမ္ဘာကြီး၏ ကြီးမားမြောက်မြားလှစွာသော မြေမျက်နှာပြင်ဧရိယာအစိတ်အပိုင်းတို့တွင် ဆည်မြောင်းလုပ်ငန်းများ၏ အထောက်အကူပြုချက်မရရှိပါက အောင်မြင်ဖြစ်ထွန်းသောစိုက်ပျိုးရေး လုပ်ကိုင်ရရှိနိုင်မည်မဟုတ်ပါ။
မြန်မာနိုင်ငံရှိ မြစ်ချောင်းကြီးများသည် လက်များယှက်ထားသကဲ့သို့ တောင်တန်းကြီးများ၏ ကြားတစ်လျှောက် ဖြတ်သန်းစီးဆင်းကြပြီး တောင်တန်းတောအုပ်များသည် အဓိကရေဝေဧရိယာများဖြစ်ကြသည်။ အဆိုပါမြစ်လက်တက်များမှတစ်ဆင့် ရေပေးသွင်းရေးစနစ်များကို ထူထောင်ခဲ့ကြသည်။ ထိုသို့ထူထောင်ရာတွင် ရေသွင်း ဧရိယာများကို ထိန်းသိမ်းလိုသည့်အတွက် ကြောင့်လည်းကောင်း၊ တစ်နှစ်ပတ်လုံး ရေလုံလောက်စွာရရှိရေးအတွက်ကြောင့်လည်းကောင်း၊ ရေကူဆည်များ၊ တူးမြောင်းများ၊ ရေလွှဲဆည်များ၊ ရေထိန်းတံခါးများနှင့် တာတမံများကို အစုအဖွဲ့ဖြင့် ခေတ်အဆက်ဆက်က တည်ထောင်ခဲ့ကြသည်ကို တွေ့ရှိရသည်။
ဆည်မြောင်းလုပ်ငန်းကို စိတ်ဝင်စား ကြသူများသည် ဆည်မြောင်းပညာရပ်ကို လေ့လာလိုက်စားပြီး လုံးဝနားလည်သဘော ပေါက်မှသာ ပြည်သူလူထုသို့ ချပြ၊ တင်ပြသင့်ပါသည်။ ကြားဖူးနားဝဖြင့် မိမိထင်သလို ရေးသားလိုက်လျှင် အပြစ်ဖြစ်နိုင်ပါသည်။ ရေလှောင်တမံများကို ဒီဇိုင်းပုံစံပြုရာတွင် ရေလှောင်တမံ၏ အသုံးပြုနိုင်မည့်ကာလကို အနည်းဆုံး နှစ် (၅ဝ) ကြာ အသုံးချနိုင်ရန် ရည်မှန်းချက်ထား ဆောင်ရွက်ပါသည်။ ရေလှောင်တမံတည်ဆောက်မည့် မြစ်၊ ချောင်းများအတွင်း သဲနုန်းပါဝင်မှုပမာဏကို တည်ဆောက်မည့်နေရာ၏ အထက်ပိုင်းရှိ ရေဆင်း ဧရိယာအကျယ်အဝန်း၊ ရေလှောင်တမံ တည်ဆောက်အသုံးပြုမည့် အချိန်ကာလ အနည်းဆုံး နှစ် (၅ဝ) ကာလတို့နှင့်ဆက်နွှယ်၍ တွက်ချက်မှုများ ဆောင်ရွက်ကာ ရေလှောင် တမံ၏ ရေသေမှတ် (Dead Storage Level)ကို တွက်ချက်သတ်မှတ်ဆောင်ရွက်ပါသည်။ ယင်းရေသေမှတ်အောက်ဘက်တွင်ရှိသော ရေပမာဏကို အသုံးပြုရန်မရည်ရွယ်ဘဲ တမံတည်ဆောက်အသုံးပြုပြီး အနည်းဆုံးနှစ် (၅ဝ) အချိန်ကာလအတွင်း သဲနုန်းများ အနည်ကျ၊ အနည်ထိုင်စေမည်ဟု ခန့်မှန်းတွက်ချက်ထား ရှိပါသည်။ အသုံးပြုရန်ရည်ရွယ်ထားသော ကာလမတိုင်မီ သဲနုန်းအနည်ကျမှုကြောင့် ရေလှောင်တမံကောသွားခြင်း၊ အသုံးမပြုနိုင် တော့ခြင်းမျိုး မြန်မာနိုင်ငံတွင် မရှိသေးပါ။ အချို့ရေလှောင်တမံများဆိုလျှင် နှစ် (၅ဝ) ကျော်သည့်တိုင် ဆက်လက်အသုံးပြုလျက် ရှိသည်ကို တွေ့ရှိရပါသည်။ အကယ်၍ သဲနုန်းပြည့်ခဲ့သည်ရှိသော်လည်း သဲနုန်း တူးဖော်ခြင်းလုပ်ငန်းဆောင်ရွက်ပြီး ဆက်လက် အသုံးပြုသွားနိုင်မည်ဖြစ်ပါသည်။
ဧရာဝတီ၊ ချင်းတွင်းကဲ့သို့သော မြစ်ကြီးများအတွင်းသို့စီးဝင်သည့် ချောင်းကြီး၊ ချောင်းငယ်များအပေါ်တွင် ဆည်တာတမံများ တည်ဆောက်ထားခြင်းဖြစ်ပါ၍ မြစ်များအတွင်း အနည်ကျရောက်စေမှုကို ထိုက်သင့် လျောက်ပတ်သော အခြေအနေအထိ ထိန်းသိမ်းထားနိုင်မှုရှိပါကြောင်းကိုလည်း လေးစားစွာ တင်ပြလိုပါသည်။
ဆည်မြောင်းစကားရပ်သည် အတိုကောက် ခေါ်ဝေါ်ခြင်းဖြစ်ပြီး အရှည်မှာ ဆည်၊ မြောင်း၊ တာ၊ တမံ (Weir, Canal, Embankment, Dam) ဖြစ်ပါသည်။ ရေလှောင်ဆည် ကြီးများဆိုသည့် ဝေါဟာရမရှိပါ။ ရေကာတာ များချိုးဖောက်ခြင်းမဟုတ်ပါ။ ရေလှောင်တမံများ၏ မူလရေအမြင့်ဆုံးသိုလှောင်ရန် သတ်မှတ်ထားသည့် ထုထည်ပမာဏထက်ပို၍ မိုးရွာသွန်းမှုကြောင့်လည်းကောင်း၊ မြစ်ချောင်းများမှ စီးဝင်လာမှုကြောင့်သော်လည်းကောင်း၊ သိုလှောင်နိုင်မှုပမာဏထက် ကျော်လွန်လာသော စီးဝင်ရေများကို တမံခိုင်ခံ့မှုမထိခိုက်စေရန် အလိုအလျောက်ရေကျော်စီးဆင်း ထွက်သွားနိုင်ရေးအတွက် တည်ဆောက်ထားသော အဆောက်အအုံကို ရေပိုလွှဲဟုခေါ်ပါ သည်။ တစ်နည်းဆိုရလျှင် ရေလှောင်တမံမှ သတ်မှတ်ထားသည့် ရေအမြင့်ပေ (R.L) နှင့် သိုလှောင်ရေထုထည်ပမာဏ (Storage Capacity)ထက် ပိုလျှံရေများ တမံအောက် ဘက်သို့ လုံခြုံစိတ်ချစွာကျော်ကျစီးဆင်းသွား နိုင်ရန် ရေလှောင်တမံနှင့် ဆက်နွှယ်တည် ဆောက်ရသော အဆောက်အအုံဖြစ်ပါသည်။ ရေလျှံမှုကြောင့် ရေကာတာများကိုချိုးဖောက် ရခြင်းဆိုသည်မှာ မမှန်ကန်ပါ။ ချိုးဖောက်၍ လည်း မရပါ။ ရေပိုလွှဲမှ ကျော်ကျစီးဆင်း သွားသည့် ရေပမာဏမှာ ရေလှောင်တမံကြောင့် တိုးလာခြင်းလည်းမရှိနိုင်ပါ။ မိုးရွာ သွန်းသည့် ပမာဏအတိုင်းစီးဆင်းသွားခြင်း သာဖြစ်ပြီး ရေလှောင်တမံတည်ဆောက် ထားခြင်းမရှိပါကလည်း အဆိုပါ ရေထု ပမာဏအတိုင်းသာ စီးဆင်းလာမည်ဖြစ်ပါသည်။
နေပြည်တော်ကောင်စီနယ်မြေနှင့် ပြည်နယ်၊ တိုင်းဒေသကြီး ၁၄ ခု အတွင်း တည်ဆောက်ပြီးဆည်၊ ကန်များ၏ ဆည်ရေသောက် လယ်ဧရိယာမှာ စိစစ်ပြီး ၂ ဒသမ ၇၅ သန်း ဧကရှိပြီး ဆည်ရေအပြည့်အဝ ပေးနိုင်ပါ သည်။ တောင်သူလယ်သမားများ စိုက်ပျိုးသည့် ဧရိယာမှာ ၂ ဒသမ ၁၁ သန်းရှိသဖြင့် ၇၇ ရာခိုင်နှုန်းနီးပါး စိုက်ပျိုးကြကြောင်း သိရသည်။ ဆည်ရေသောက် ဧရိယာဟု သတ်မှတ်ရာတွင် ဆည်တမံမှပေးဝေနိုင်မည့် စိစစ်ပြီး ဧကကို ဆိုလိုခြင်းဖြစ်ပြီး တောင်သူလယ်သမားများမှ စိုက်ပျိုးမှုဧကကို အမှန် စိုက်ဧကဟု သတ်မှတ်သည်။ ဆည်ရေပေးဝေနိုင်မှုအတိုင်း တောင်သူများက စိုက်ပျိုးချင်မှ၊ စိုက်ပျိုးနိုင်မှ စိုက်ပျိုးကြမည်သာဖြစ်ပါသည်။ ၁ဝ ရာခိုင်နှုန်းမှာ မဖြစ်နိုင်သည့် ကိန်းဂဏန်းဖြစ်သည်။ ရေလှောင်တမံများကို မြေပြန့်လွင်ပြင် နှင့် မြစ်ဝကျွန်းပေါ်ဒေသတို့တွင် တည်ဆောက်၍မရပါ။ တမံတုတ်နိုင်ရန် မြစ်၊ ချောင်းတစ်ဖက်တစ်ချက်တွင် မြင့်မားသောကမ်းပါးယံရှိရပါမည်။ ရာသီ မရွေးစီးဆင်းနေသည့် ရေအရင်းအမြစ်ရှိရပါမည်။ ဥပမာအားဖြင့် ပဲခူးတိုင်း ဒေသကြီး ပဲခူးမြစ်၏အနောက်ခြမ်းတွင် ရေအရင်းအမြစ်များရှိပြီး ရေလှောင် တမံများတည်ဆောက်ကာ စိုက်ပျိုးရေပေးဝေပါသည်။ ပဲခူးမြစ်၏ အရှေ့ခြမ်း တွင် ပထဝီဝင်အနေအထားအရ မြေနိမ့်လွင်ပြင်ဧရိယျားဖြစ်ခြင်း၊ ပျမ်းမျှ မြေပြင်အနေအထားမှာ နိမ့်မြင့် အမှတ် R.L ၁၃ ပေ ခန့်သာရှိခြင်းတို့ကြောင့် ရေလှောင်တမံ တည်ဆောက်ရန် မဖြစ်နိုင်သဖြင့် အနောက်ခြမ်းမှရေများကို အရှေ့ခြမ်းသို့ပို့ဆောင်နိုင်ရန် ဇောင်းတူ၊ ကိုဒူကွဲ၊ စလူနှင့် ရွှေလောင်းရေလှောင် တမံများတည်ဆောက်ရခြင်းဖြစ်ပါသည်။ ရေလှောင်တမံနှင့် ရေလွှဲဆည်တို့တွင် မိုးရွာသွန်းမှုကြောင့် စီးဝင်လာသောရေများကို ပုံမှန်ဆောင်ရွက်ရမည့် လုပ်ထုံး လုပ်နည်းများ (Rules and Regulation) အတိုင်း ဖွင့်ခြင်း၊ ပိတ်ခြင်းနှင့် ပြုပြင် ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရပါသည်။ ပုံမှန်မဟုတ်သောမိုး (Abnormal Rain) ကြောင့်သာ ရေကြီးရေလျှံမှုကို ခံစားရခြင်းဖြစ်ပါသည်။
၁၇-၄-၂ဝဝ၁ ရက်နေ့တွင် အောင်မြင်စွာဖွင့်လှစ်နိုင်ခဲ့သော သဖန်းဆိပ် ရေလှောင်တမံသည် မိုးစပါးနှင့် နွေစပါးကို ၂ဝဝ၁-၂ဝဝ၂ ဘဏ္ဍာနှစ်မှ စတင်ပြီး စိုက်ပျိုးရေပေးဝေခဲ့ရာ မိုးစပါးအများဆုံး ၅ ဒသမ ၄ သိန်းကျော်နှင့် နွေစပါး အများဆုံး ၃ ဒသမ ၇ သိန်းခန့် စိုက်ပျိုးနိုင်ခဲ့ပါသည်။ သဖန်းဆိပ်ရေလှောင် တမံ၏ ရေပြည့်မှတ် သိုလှောင်ပမာဏမှာ ဧကပေ ၂၈ ဒသမ ၈ သိန်းရှိပါသည်။ ဝင်ရေကောင်းပြီး ဆည်ရေအပြည့် ဝင်ရောက်သည့် နှစ်များတွင် လျာထားဧက များပြည့်မီသော်လည်း မိုးခေါင်၍ ဝင်ရေနည်းပြီး ရေအပြည့်ဝင်ရောက်ခြင်း မရှိသည့်အခါ စိုက်ပျိုးမြေဧရိယာ အနည်းငယ်ကျဆင်းနိုင်ပါသည်။ တိုင်းဒေသကြီး နှင့် ပြည်နယ် အသီးသီးတို့တွင်ရှိသည့် သဘာဝချောင်း၊ မြောင်းများကို ရန်ပုံငွေ ရရှိမှုပေါ်မူတည်ပြီး တူးဖော်ဆောင်ရွက်ပေးလျက်ရှိပါသည်။ ဧရာဝတီ၊ ချင်းတွင်း စသည့် မြစ်ကြီးများတူးဖော်ရန်မှာ လုပ်ငန်းပမာဏကြီးမားသဖြင့် တူးဖော်သင့်သည့် အချိန်တွင် နိုင်ငံတော်က တူးဖော်ဆောင်ရွက်ရန် စီစဉ်သွားမည်သာဖြစ်ပါသည်။
ဆည်မြောင်းပညာရပ်ဖြင့် ဆောင်းပါးရေးလိုသူတို့သည် ဆည်မြောင်း ပညာရပ်ကို လေ့လာ၊ မေးမြန်းပြီး ဂဃနဏသိရှိမှသာ ရေးသားကြပါရန် လေးစားစွာမေတ္တာရပ်ခံအပ်ပါသည်။ မိမိအထင်အမြင်များကို ရေးသားဖော်ပြ ကြလျှင် အများပြည်သူက အမှားကို အမှန်ထင်မှတ်မှားစေနိုင်ပါသည်။ သို့ဖြစ်ပါ၍ ဤဆောင်းပါးကို ပြည်သူလူထုအမှန်သိရှိနိုင်စေရန် စေတနာ ထားရေးသားတင်ပြလိုက်ရပါသည်။
Credit to ဘုန်းတင်လှိုင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment