Tuesday, October 25, 2016
မြန်မာနိုင်ငံတွင် ဘူမိသိပ္ပံပညာရပ်များ ဖွံ့ဖြိုးတိုးတက်လာခြင်း (သမိုင်းအကျဉ်း)
မြန်မာနိုင်ငံတွင် ဘူမိသိပ္ပံပညာရပ်များ ဖွံ့ဖြိုးတိုးတက်လာခြင်း (သမိုင်းအကျဉ်း)
မြန်မာနိုင်ငံဘူမိသိပ္ပံအသင်း
စတုတ္ထနှစ်ပတ်လည် အစည်းအဝေး (၁-၂-၀၈)
ဥက္ကဌသစ် မိန့်ခွန်း
မိန့်ခွန်းပြောသူ – ဒေါက်တာဝင်းဆွေ
နိဒါန်း
ဥက္ကဌသစ်ရဲ့ ပထမဦးဆုံး နှုတ်ဆက်စကားအနေနဲ့ ပညာရပ်ဆိုင်ရာ သိသင့် သိထိုက်တဲ့ အကြောင်းအရာတစ်ခုခု ဖြစ်စေချင်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံတွင် ဘူမိသိပ္ပံပညာရပ်များ ဖွံ့ဖြိုးတိုးတက်လာပုံကို အကျဉ်းချုပ် တင်ပြပါမယ်။
ဘူမိဗေဒအစ
ဘူမိဗေဒပညာရပ်သည်လဲ အခြားသိပ္ပံပညာရပ်များလိုဘဲ သဘာဝသိပ္ပံပညာရပ် အမျိုးအစားတစ်ခုဖြစ်တယ်။ လူသားတွေဟာ ဦးနှောက်ဖွံ့ဖြိုးလာစ ကတည်းက မိမိရဲ့သဘာဝပတ်ဝန်းကျင် သြကာသလောကကြီး အကြောင်းကို လေ့လာစီစစ်ခဲ့ကြတယ်။ အဲဒီလိုလေ့လာရာမှ သဘာဝသိပ္ပံပညာရပ်များ (Natural Sciences) ပေါ်ပေါက်ခဲ့တယ်။ ထိုမှတဆင့် သိပ္ပံပညာနယ်ပယ်ဟာ အထူးကျယ်ပြန့်လာပြီး ဓာတုဗေဒပညာ၊ ရူပဗေဒပညာ စသည်ဖြင့် ခွဲခြားသတ်မှတ်လာခဲ့ကြတယ်။ အတိအကျ သဘာဝနယ်နိမိတ် မရှိပါဘူး။ ဒီအထဲမှာ ဘူမိဗေဒကတော့ သီးခြားခွဲထွက်လာတာ နောက်ကျခဲ့တယ်ဆိုရမှာဘဲ။ ဘူမိဗေဒကို ပထ၀ီဝင်ပညာရပ်နဲ့ ရောယှက်ထားခဲ့ကြလို့ ထင်ပါတယ်။ နောက်တစ်ချက်က ဘူမိဗေဒဟာ အခြားသိပ္ပံပညာရပ်တွေပေါ်မှာ အခြေခံအမှီပြုထားတဲ့ ပညာရပ်လဲ ဖြစ်နေတယ်။ (၁၈)ရာစုနှောင်းပိုင်းမှ (၁၉)ရာစုအတွင်း အရှိန်နဲ့ သိသိသာသာ တိုးတက်ထွန်းကားခဲ့တယ်။ (ဇယား ၁) အဲဒီနောက်ပိုင်းမှာတော့ ဘူမိဗေဒနဲ့ အခြားသဘာဝသိပ္ပံပညာရပ်တွေရဲ့ ဆက်စပ်မှုကို တိုးချဲ့လေ့လာခဲ့ကြလို့ ဘူမိဓာတုဗေဒ (Geochemistry)၊ ဘူမိရူပဗေဒ (Geophysics)၊ ဇလဘူမိဗေဒ (Hydrogeology)၊ အင်ဂျင်နီယာဘူမိဗေဒ (Engineering Geology)၊ ပတ်ဝန်းကျင်ရေးရာ ဘူမိဗေဒ (Environmental Geology)၊ အဏ္ဏ၀ါဘူမိဗေဒ (Marine Geology) စတဲ့ ဘူမိသိပ္ပံပညာရပ်ခွဲတွေ ပေါ်ထွက်လာခဲ့တယ်။ ဒါကြောင့် ကျွန်တော်တို့ ဘူမိဗေဒကို ယနေ့ ဘူမိသိပ္ပံပညာရပ်များဟု ခေါ်လာကြခြင်းပါပဲ။
မြန်မာနိုင်ငံ ဘူမိဗေဒလုပ်ငန်းများ (အပိုင်း -၁)
မြန်မာနိုင်ငံမှာ တွင်းထွက်သဘာဝသယံဇာတ အမျိုးအစား စုံလင်လှပါတယ်။ ဒါပေမယ့် နမူနာတွေလောက်ပဲရှိသလား၊ တကယ်သတ္ထုသိုက်တွေကော ရှိရဲ့လား ဆိုတဲ့မေးခွန်းကို ဖြေဖို့တော့ အလွန်ခက်ခဲပါတယ်။ ယနေ့ခေတ်မှာ တိုးတက်ထွန်းကားနေတဲ့ ရှာဖွေရေးနည်းပညာသစ်တွေနဲ့ တစ်နိုင်ငံလုံးမှာ စနစ်တကျ ရှာပြီးပြီလား လို့ ပြန်မေးရမှာပါဘဲ။ ထူးခြားတာကတော့ မြန်မာနိုင်ငံဟာ ကမ္ဘာမှာ ဘယ်နိုင်ငံကမှ ယနေ့တိုင် ယှဉ်ပြိုင်လို့မရနိုင်သေးတဲ့ ပတ္တမြား၊ နီလာ၊ ကျောက်စိမ်းစတဲ့ ကျောက်မျက်တွင်းထွက်တွေ ကြွယ်ဝတဲ့ဒေသအဖြစ် ကျော်ကြားနေခြင်းပါပဲ။ ဒါကြောင့် ဘူမိဗေဒပညာရပ် သီးခြားပေါ်ပေါက် မလာခင်ကတည်းက မြန်မာ့ပတ္တမြားနဲ့ ကျောက်စိမ်းတို့ကို ကမ္ဘာက သိခဲ့ကြတယ်။ အလွန် တန်ဖိုးထားခဲ့ကြတယ်။ ဒါအပြင် ရေနံနဲ့ ခဲမဖြူ ထွက်တာကိုလဲ ကမ္ဘာက ရှေးဦးကပင် သိခဲ့ကြတယ်။
မြန်မာနိုင်ငံအတွင်း ဘူမိဗေဒလေ့လာရေးလုပ်ငန်းတွေကိုတော့ ပထမ အင်္ဂလိပ်-မြန်မာစစ်ပွဲ (၁၈၂၄) အပြီးမှာ စတင်ခဲ့ကြတယ်။ အဲဒိအချိန်မှာ ဘူမိဗေဒပညာရပ်ဟာလည်း စတင်ကြီးထွားစဲကာလမို့ ပဏာမ လေ့လာရေးအဆင့်လောက်ပဲ လုပ်ခဲ့ကြတာပါ။ အဓိကကတော့ “ငါးပွက်ရာ ငါးစာချ” တွင်းထွက် သယံဇာတ ရှာကြတာပါပဲ။
“အိန္ဒိယဘူမိဗေဒလေ့လာရေးဌာန (Geological Survey of India (GSI)) ကို ၁၈၅၁ခုနှစ်မှာ စတင် တည်ထောင်ခဲ့တယ်။ အဲဒီတုန်းက အင်္ဂလိပ်၊ အိန္ဒိယနဲ့ မြန်မာအတွက် ဖြစ်ပါတယ်။ ၁၈၅၅ခုနှစ် ဒုတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲ ပြီးချိန်မှာတော့ ဘူမိဗေဒပညာရပ်ဟာ အတော်လေး တိုးတက်လာခဲ့ပါပြီ။ ကမ္ဘာအရပ်ရပ်မှာ ဘူမိဗေဒအသင်းအဖွဲ့များနဲ့ ဘူမိဗေဒလေ့လာရေးဌာနများ ဖွဲ့စည်းပြီးနေကြပြီ။ မြန်မာနိုင်ငံမှာလည်း GSI မှ ဘူမိဗေဒပညာရှင်များက ဘူမိဗေဒ လေ့လာရေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် စတင်ဆောင်ရွက်ခဲ့ကြတယ်။ ဒီအထဲမှာ Theobald (၁၈၇၃) ရဲ့ “The Geology of Pegu” ဟာ မြန်မာ့ဘူမိဗေဒနယ်ပယ်မှာ အစောဆုံး ဒေသန္တရ ဘူမိဗေဒ အစီရင်ခံစာလို့ ခေါ်ရမှာပါဘဲ။ ၁၈၈၅ ခုနှစ် တတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲအပြီးမှာတော့ အင်္ဂလိပ်တို့က ၁၈၈၆ခုနှစ်တွင် Burma Oil Co.Ltd (BOC) နှင့် ၁၈၈၇ခုနှစ်တွင် Burma Ruby Mines Co.Ltd တို့ကို တည်ထောင်ခဲ့ကြတယ်။ GSI ပညာရှင်တွေကလည်း မြန်မာတစ်နိုင်ငံလုံးအတွင်း ဘူမိဗေဒလုပ်ငန်းတွေကို နေရာအနှံ့ ဆက်လက်ဆောင်ရွက် ခဲ့ကြတယ်။ La Touche (1913) ရဲ့ “The Geology of The Mergui District” နှင့် I Brown and Sandhi (1934) တို့ရဲ့ “Geology of The Country between Kalaw and Taunggyi, Southern Shan State” တို့ဟာ ဒေသအလိုက် ဆောင်ရွက်ခဲ့ကြတဲ့ ဒေသန္တရ ဘူမိဗေဒအစီရင်ခံစာများ ဖြစ်တယ်။ သတ္ထုတွင်းများ တ၀ိုက်မှာလဲ လေ့လာခဲ့ကြတယ်။ ဒါပေမယ့် သူတို့ရဲ့အစီရင်ခံစာတွေကို ပုံနှိပ်ထုတ်ဝေခြင်း နည်းပါတယ်။
၁၉၂၀ပြည့်နှစ်မှာ တည်ထောင်ခဲ့တဲ့ ရန်ကုန်တက္ကသိုလ်မှ ဘူမိဗေဒဆရာအချို့ကလည်း ဘူမိဗေဒလေ့လာရေး လုပ်ငန်းများကို တက်အားသရွေ့ ဆောင်ရွက်ခဲ့ကြတယ်။ ပါမောက္ခ Dr. L.D.Stamp ရဲ့ မြန်မာနိုင်ငံအလယ်ပိုင်း ဘူမိဗေဒ စာတမ်းတွေကို ယနေ့တိုင် ကိုးကားနေကြတာ တွေ့ရတယ်။ ၁၉၃၄ခုနှစ်မှာ ပုံနှိပ်ထုတ်ဝေခဲ့တဲ့ ရန်ကုန်တက္ကသိုလ်မှ Dr. Chibber ရဲ့ “The Geology of Burma” နဲ့ “The Mineral Resources of Burma” စာအုပ်နှစ်အုပ်ဟာ ၁၉၃၃ ခုနှစ်အထိ မြန်မာနိုင်ငံအတွင်း ဆောင်ရွက်ခဲ့ဖူးတဲ့ ဘူမိဗေဒ စာတမ်းများနဲ့ အစီရင်ခံစာများကို စုပေါင်းသုံးသပ် တင်ပြထားလို့ ယနေ့တိုင် သုံးစွဲနေရပါသေးတယ်။ GSI က E.H.Pascoe ရဲ့ “A manual of the geology of India and Burma (1950, 1959, 1962)” စာအုပ်များတွင်လည်း လွပ်လပ်ရေးမတိုင်မီက ရရှိထားသော မြန်မာနိုင်ငံရဲ့ ဘူမိဗေဒ အချက်အလက်များ ပြည့်စုံစွာ ပါဝင်ခဲ့တယ်။
မြန်မာနဲ့ အိန္ဒိယတို့ကို အင်္ဂလိပ်က ခွဲခြားအုပ်ချုပ်တဲ့ ၁၉၃၇ခုနှစ်မှာ မြန်မာနိုင်ငံ ဘူမိဗေဒလုပ်ငန်းများအတွက် ”မြန်မာနိုင်ငံ ဘူမိဗေဒလေ့လာရေးဌာန” (Burma Geological Department (BGD)) ကို ထူထောင်ခဲ့တယ်။ GSI မှ ဘူမိဗေဒပညာရှင်အချို့ကို ယာယီတာဝန်ပေးပြီး တည်ထောင်ခဲ့ခြင်းဖြစ်တယ်။ ဒါပေမယ့် မကြာမီမှာ ဒုတိယ ကမ္ဘာစစ်ကြီး ဖြစ်ပွားခဲ့လို့ လုပ်ငန်းများ ရပ်ဆိုင်းခဲ့ရတယ်။ ဒုတိယ ကမ္ဘာစစ်ကြီး မတိုင်ခင်ကာလမှာ မြန်မာ ဘူမိဗေဒပညာရှင်များ မထွန်းကားသေးလို့ စစ်ပြီးခေတ်မှာ ဘူမိဗေဒလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ရန် အခက်အခဲများနဲ့ ကြုံတွေ့ခဲ့ရတယ်။
မြန်မာနိုင်ငံ ဘူမိဗေဒလုပ်ငန်းများ (အပိုင်း-၂)
Dr.သာလှဟာ စစ်ပြီးခေတ် ၁၉၄၆ခုနှစ်မှာ အင်္ဂလန်နိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်ရောက်လာပြီး ရန်ုကုန်တက္ကသိုလ် ပထ၀ီဝင်နှင့် ဘူမိဗေဒဌာနမှာ ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင် ခဲ့တယ်။ စစ်ပြီးခေတ်မှာ ဘူမိဗေဒပညာရပ်ကို စတင်ပို့ချခဲ့တယ်။ ၁၉၄၈ ခုနှစ်မှာ သီးခြားဘူမိဗေဒဌာန ဖြစ်ပေါ်လာတော့လည်း Dr.သာလှက ပါမောက္ခဖြစ်လာခဲ့တယ်။ ဘူမိဗေဒပို့ချရာမှာ Dr.သာလှရဲ့ တပည့်များဖြစ်ကြတဲ့ Dr.ညီညီနဲ့ ဦးဘသန်းဟက်တို့ ၁၉၅၆နဲ့ ၁၉၅၇ခုနှစ်များမှာ အင်္ဂလန်မှ အသီးသီး ပြန်ရောက်လာကြတယ်။ အဲဒီတော့မှ မြန်မာဘူမိဗေဒဆရာတွေနဲ့ သိုက်သိုက်ဝန်းဝန်း သင်ကြားပို့ချနိုင်ခဲ့ပါတယ်။ မန္တလေးတက္ကသိုလ်ကောလိပ်မှာလဲ ၁၉၅၃ခုနှစ်မှာ ဘူမိဗေဒ ဘာသာရပ်ကို စတင်သင်ကြားခဲ့တယ်။ ဘူမိဗေဒပညာ သင်ကြားပို့ချရန် အခက်အခဲရှိလို့ ကျောင်းအုပ်ဆရာကြီး ဦးကိုလေး ကိုယ်တိုင် ဦးစီးပြီး သင်ကြားပို့ချခဲ့တယ်။ ပထ၀ီဝင် ဌာနမှူး ဦးသိန်းမောင်နှင့် ရန်ကုန်တက္ကသိုလ် ဘူမိဗေဒပါမောက္ခ Dr.သာလှတို့က ကူညီခဲ့ကြတယ်။ ဒုတိယနှစ်မှာတော့ အိန္ဒိယက ဘူမိဗေဒဘွဲ့ရပညာရှင်များကို ငှားရမ်းပြီး သင်ကြားပို့ချစေခဲ့တယ်။ ၁၉၅၈ခုနှစ်မှာ မန္တလေးကောလိပ်က မန္တလေးတက္ကသိုလ်ဖြစ်လာခဲ့တယ်။ ၁၉၅၉ခုနှစ်မှာ Dr.တင်အေး နိုင်ငံခြားပညာတော်သင်မှ ပြန်ရောက်လာပြီး မကြာခင်မှာဘဲ ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်ခဲ့တယ်။
Dr.သာလှလိုပဲ စစ်ပြီးစမှာ အင်္ဂလန်မှ ပြန်ရောက်လာတဲ့ Dr.ဘသီကတော့ B.G.D ကို ၁၉၄၈ခုနှစ် လွတ်လပ်ရေးရပြီးစမှာ ဦးဆောင်ပြီး ဘူမိဗေဒလေ့လာရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါတယ်။ ၁၉၅၁ခုနှစ်မှာ သတ္ထုရှာဖွေရေးလုပ်ငန်းများ ဆောင်ရွက်ရန် “ဓါတ်သတ္ထုပင်ရင်းအခြေအမြစ်များ တိုးတက်အောင် ဆောင်ရွက်ရေး ကော်ပိုရေးရှင်း” (Mineral Resources Development Corporation (MRDC)) ကို ဘုတ်အဖွဲ့နဲ့ ကြီးကြပ်ပြီး သတ္ထုတွင်းဝန်ကြီးက ဥက္ကဌအဖြစ် ဆောင်ရွက်ခဲ့တယ်။ ICS အရေးပိုင်ဟောင်း ဦးဘထွန်းက အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ပြီး သတ္ထုရှာဖွေရေးလုပ်ငန်းများကို ဦးစောအာလာရစ်က ဦးဆောင်ခဲ့တယ်။ ၁၉၆၃ခုနှစ်မှာ BOC ကုမ္ပဏီကို ပြည်သူပိုင်သိမ်းပြီး ပြည်သူ့ရေနံ (POI) ဟု အမည်ပြောင်းကာ ဦးစန်းမောင်နဲ့ Dr.သာလှရဲ့ တပည့်ဟောင်းဖြစ်တဲ့ Dr.အောင်ခင်တို့က ဦးစီးပြီး လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ခဲ့ပါတယ်။ ၁၉၈၃ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ Dr.F.Bender ရဲ့ “The Geology of Burma” စာအုပ်မှာ မြန်မာနိုင်ငံ အလယ်ပိုင်းမှ ဘူမိဗေဒ အချက်အလက်များ ပြည့်စုံစွာ ပါဝင်ကြောင်း တွေ့ရတယ်။
လယ်ယာနှင့် သစ်တောဝန်ကြီးဌာန လက်အောက်ရှိ ဆည်မြောင်းဦးစီးဌာနမှာလဲ “အင်ဂျင်နီယာ ဘူမိဗေဒ ဌာနခွဲ” (Engineering Geology) ထူထောင်ခဲ့ပါတယ်။ အဲဒီဌာနခွဲကိုလဲ စစ်ပြီးခေတ် ဘူမိဗေဒပညာရှင် ဦးစန်းလွင်က စတင်ဦးဆောင်ပြီး လုပ်ကိုင်ခဲ့ပါတယ်။
နိဂုံး
နိဂုံးချုပ်အနေနဲ့ တင်ပြချင်တာကတော့ လက်ရှိအခြေအနေပါဘဲ။ ယခုဆိုရင် သတ္ထုတွင်းဝန်ကြီးဌာန လက်အောက်မှာ BGD နဲ့ MRDC တို့ ပေါင်းစပ်ဖွဲ့စည်းခဲ့ပြီး အဆင့်ဆင့်ပြောင်းလဲ အမည်ပေးခဲ့တဲ့ ဘူမိဗေဒလေ့လာရေးနှင့် ဓါတ်သတ္ထုရှာဖွေရေး ဦးစီးဌာန (DGSE)၊ အမှတ် (၁၊၂၊၃) သတ္ထုတွင်းလုပ်ငန်းများ၊ သတ္ထုတွင်းဦးစီးဌာနှင့် မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း၊ စွမ်းအင်ဝန်ကြီးဌာနမှာ ယခင် BOC မှ ပြောင်းလဲလာခဲ့တဲ့ မြန်မာ့ရေနံနှင့်သဘာဝဓါတ်ငွေ့လုပ်ငန်း (MOGE)၊ လယ်ယာနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ အင်ဂျင်နီယာဘူမိဗေဒဌာနခွဲ၊ စက်မှု(၁) ၀န်ကြီးဌာနမှ စက်မှုကုန်ကြမ်းဌာနခွဲနှင့် အခြားပုဂ္ဂလိက ကုမ္ပဏီများ စသည်တို့က ဘူမိဗေဒပညာရပ်တွေကို စနစ်တကျ ဌာနခွဲ၊ ဌာနစိတ်များ သတ်မှတ်ပြီး အသုံးချနေတာ တွေ့ရတယ်။ ဆောက်လုပ်ရေးဝန်ကြီးဌာနကလဲ သုံးသင့်ပါတယ်။ ပတ်ဝန်းကျင် ထိမ်းသိမ်းစောင့်ရှောက်ရေးနဲ့ ပတ်သက်တဲ့ လုပ်ငန်းရပ်တွေမှာလည်း ဘူမိဗေဒပညာရှင်တွေ ပါဝင်သင့်တယ်။ တက္ကသိုလ်တွေ တိုးချဲ့ထားတယ်။ ခေတ်မှီတဲ့ ပညာရပ်တွေကို ထိထိမိမိ ပို့ချဖို့နဲ့ လက်တွေ့ကို အထူးဦးစားပေးဖို့ တိုက်တွန်းပါကြောင်း တင်ပြရင်း နိဂုံးချုပ်ပါတယ်။ အားလုံးကြွရောက်လာကြတဲ့ ပုဂ္ဂိုလ်အပေါင်းကို ကျေးဇူး အထူးတင်ပါတယ် ခင်ဗျာ။ ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment