Wednesday, October 12, 2016
မြေထုပါကျောက်အမျိုးအစားကြီးများနှင့်၎င်းတို့၏ဂုဏ်သတ္တိများ
#မြေထုပါကျောက်အမျိုးအစားကြီးများနှင့်၎င်းတို့၏ဂုဏ်သတ္တိများ
ပညာရေးဝန်ကြီးဌာန၊ အထက်တန်းပညာဦးစီးဌာန၊ ဘူမိရုပ်သွင်ပညာပို့ချချက်များစာအုပ်မှ ကူးယူဖော်ပြပါသည်။
ပညာရှင်အချို့က ကမ္ဘာ့မြေထုပါ ကျောက်များကို (၁) မပျက်မစီးရှိနေသည့်ပုံဆောင်ခဲကလေးများဖြင့်ပြီးသည့် ပုံဆောင်ကျောက်များ (crystalline rocks) (၂) ၄င်းကျောက်များကြေမွပျက်စီးပြီးနောက် အဆိုပါကျောက်များ၏ အပိုင်းအစများ စုစည်းမိခြင်းကြောင့် ဖြစ်ပေါ်လာသော ခပေါင်းကျောက်များ (clactic rock) ဟု ခွဲခြားခဲ့သည်။
ပုံဆောင်ကျောက်များအနက် အချို့သည် မြင့်မားသောအပူချိန် အကူအညီဖြင့် ပေါ်ထွန်းလာသည်။ ဥပမာအားဖြင့် ချော်ကျောက်ဖြစ်သည်။ အချို့မှာမြင့်မားသောအပူချိန်နှင့်ဖိအားအကူအညီဖြင့်ပေါ်ထွန်းလာသည်။ ဥပမာအားဖြင့် နှမ်းဖတ်ကျောက် (Granite) ဖြစ်သည်။ ကွဲပြားခြားနားသော ပုံဆောင်ကျောက်များ ဖြစ်ပေါ်မှုတွင့် မြင့်မားသောအပူချိန်နှင့်ဖိအားအပြင် ဓါတ်သဘာဝဖွဲ့စည်းမှုလည်း အရေးပါတတ်၏။ မြင့်မားသောအပူချိန်အကူအညီမယူဘဲ ဖြစ်ပေါ်လာသောပုံဆောင်ကျောက်များလည်းရှိသေး၏။ ပုံဆောင်ထုံးကျောက် (crystalline limestone) အချို့သည် မြင့်မားသော အပူချိန်အကူအညီမယူဘဲ ဖြစ်ပေါ်လာခဲ့သည်။ ထိုကျောက်များတွင် ရေတွင်ပျော်ဝင်နေသည့် ထုံးဓါတ်များ ပုံဆောင်ခဲကလေးများအနေဖြင့် အနည်ထိုင်သောကြောင့် ဖြစ်ပေါ်သည်။
ကျောက်များကို (၁) မြင့်မားသောအပူချိန်အကူအညီဖြင့် ဖြစ်ထွန်းလာသော မီးသင့်ကျောက်များ (Igenous Rocks) (၂) ကြေပျက်နေသည့် ကျောက်အပိုင်းအစများအနည်ထိုင်ခြင်းကြောင့် ဖြစ်ပေါ်လာသော အနည်ကျကျောက်များ (Sedimentary Rocks) (၃) ဖော်ပြပါကျောက်များ၏ သွင်ပြင်နှင့်အခြေအနေပြောင်းလဲခြင်းကြောင့် ဖြစ်ပေါ်လာသော အသွင်ပြောင်းကျောက်များ (Metamorphic Rocks) ဟုလည်း ခွဲခြားနိုင်သေးသည်။
မီးသင့်ကျောက်များ ဖြစ်ပေါ်မှုသည် မြင့်မားသော အပူချိန် သို့မဟုတ် မြင့်မားသောအပူချိန်နှင့်ဖိအား အကူအညီဖြင့် ပုံဆောင်ခဲအသစ်များပေါ်ထွန်းမှုနှင့် စပ်လျဉ်းသည်။ ဖြစ်ပေါ်လာသောပုံဆောင်ခဲ အရွယ်ပမာဏသည် ၄င်းတို့ဖြစ်ပေါ်နေစဉ် အပူချိန်ကျဆင်းမှုလျင်မြန်နှုန်းအပေါ် အမှီသဟဲပြုသည်။ အပူချိန်ကျဆင်းမှုလျင်မြန်နှုန်း ပိုနိမ့်လေ ပုံဆောင်ခဲပမာဏ ပိုကြီးမားလေဖြစ်သည်။ အပူချိန်ကျဆင်းမှု လျင်မြန်နှုန်း အလွန်ကြီးမားလျှင် ပုံဆောင်ခဲများမဖြစ်ပေါ်လာနိုင်တော့ပဲ ကျောက်၏အသားမှာ ဖန်သားကဲ့သို့ဖြစ်လာ၏။
မီးသင့်ကျောက်အချို့နှင့်အနည်ကျကျောက်အချို့သည် ဖိအားကြီးမားသည့် မြေထုအတွင်းပိုင်းတွင် ပူလောင်နေသောကျောက်ရည်များနှင့်တွေ့ထိမှုကြောင့် သို့မဟုတ် နီးစွာရှိမှုတို့ကြောင့် သူတို့တွင် ယခင်ရှိခဲ့သော ပုံဆောင်ခဲများနှင့်ကွဲပြားခြားနားသော ပုံဆောင်ခဲအသစ်များ ဖြစ်ပေါ်လာပြီး သူတို့၏အသွင်သဏ္ဍာန်လည်းပြောင်းလဲသွားသည်။ ထိုသို့အားဖြင့် အသွင်ပြောင်းကျောက်များဖြစ်ပေါ်လာသည်။
ဥပမာ - ထုံးကျောက် (limestone) အသွင်ပြောင်းခြင်းဖြင့် စကျင်ကျောက် (marble)၊ ယှေလကျောက် (Shale) အသွင်ပြောင်းခြင်းဖြင့် ဝေဘူကျောက် (Schist)၊ နှမ်းဖတ်ကျောက် (Granite) မှ လိပ်သည်းကျောက် (Gneiss) စသဖြင့် အသွင်ပြောင်းနိုင်ပါသည်။
ကျောက်များအသွင်ပြောင်းမှုသည် အတော်ကြီးမားသောအနက်များတွင် ကျယ်ဝန်းစွာ ဖြစ်နိုင်သည်။ တနည်းအားဖြင့်ဆိုသော် ဒေသအလိုက်အသွင်ပြောင်းမှုများဖြစ်နိုင်သည်။ ကျောက်များအသွင်ပြောင်းမှုသည် ကျောက်လွှာတွန့်ခေါက်ပြတ်ရွှေ့သည့် နေရာများတစ်လျှောက်တွင်လည်း ဖြစ်တတ်၏။ ဖိအားအလွန်ကြီးမားပြီး အပူချိန်လည်းအလွန်မြင့်မားသည့် ကမ္ဘာ့မြေထု၏အနက်ပိုင်းနေရာများတွင် ဝေဘူကျောက်မှသည် နှမ်းဖတ်ကျောက်အဖြစ်သို့ ပြန်လည်အသွင်ပြောင်းသွားနိုင်ပေသည်။ အဆိုပါနေရာများတွင် အနည်ကျကျောက်များပင်လျင် မီးသင့်ကျောက်များအဖြစ်သို့ပြောင်းလဲသွားနိုင်သည်။ ထို့ကြောင့် အထက်တွင်တင်ပြခဲ့သည့် ကျောက်များသည် သင့်လျော်သော အခြေအနေများရှိလျှင် တစ်မျိုးမှတစ်မျိုးသို့ ပြောင်းလဲသွားနိုင်သည်ဟု ဆိုနိုင်ပါသည်။
ယေဘုယျအားဖြင့်ပြောရသော် အနည်ကျကျောက်များအောက်တွင် အသွင်ပြောင်းကျောက်များရှိတတ်ပြီး အသွင်ပြောင်းကျောက်များအောက်တွင် မီးသင့်ကျောက်များရှိတတ်၏။ သို့သော်နေရာတော်တော်များများတွင် အနည်ကျကျောက်များကို မီးသင့်ကျောက်များထိုးဖြတ်ပြီး မြေမျက်နှာပြင်အရောက် တည်ရှိနေတတ်သည်။ သာဓကများကို ကနေဒီယန်ဒိုင်းဒေသ၊ ဘရာဇီလျန်ကုန်းမြင့်ဒေသ၊ အာဖရိကဗဟိုပိုင်း၊ ဘောလတစ်ဒေသ၊ အာရှာအရှေ့မြောက်ပိုင်း၊ အိန္ဒိယကျွန်းဆွယ်ဒေသ၊ သြစတြေလျအနောက်ပိုင်းတွင် ကျယ်ဝန်းစွာတွေ့မြင်နိုင်သည်။
ကမ္ဘာ့မြေထုရှိကျောက်အများစုသည် ဆီလီကွန် (Silicon) အောက်ဆီဂျင်ဒြပ်ပေါင်းများ (၀ါ) ဆီလီကိတ်များအနေဖြင့် ရှိဟန်တူသည်။ မြေထုမျက်နှာပြင်အနီးရှိသည့် ဆီလီကိတ်တွင်းထွက်များကို ဓါတ်သဘာဝဖွဲ့စည်းမှုနှင့်သိပ်သည်းမှု (တနည်းဆိုရသော် အလေးချိန်) အပေါ်အမှီသဟဲပြု၍ နှစ်မျိုးခွဲခြားနိုင်သည်။ ဆီလီကာ (Silica) နှင့် အလူမီနာ (Alumina) ပါနှုန်းမြင့်ပြီး ပိုပေါ့ပါးသည်များကို ဆီအယ်တွင်းထွက်များဟုခေါ်တွင်ပြီး ဆီလီကာနှင့်မဂ္ဂနီဆီယမ်ပါနှုန်းမြင့်၍ ပိုလေးသည်များကို ဆီမာတွင်းထွက်များဟုခေါ်သည်။
ဆီအယ်တွင်းထွက်များဖြင့်ဖွဲ့စည်းသောကျောက်များ (၀ါ) ဆီအယ်ကျောက်များသည် အက်ဆစ်ကျောက်များ (acid rocks) ဖြစ်ပြီး၊ ဆီမာတွင်းထွက်များဖြင့်ဖွဲ့စည်းထားသောကျောက်များမှာ ဗေ့စစ်ကျောက်များ (basic rocks) ဖြစ်သည်။ ဆီအယ်ကျောက်များသည် ဆီမာကျောက်များထက်အရောင်အဆင်းပို၍ဖျော့တော့တတ်၏။ ဆီအယ်ကျောက်များသည် ဆီမာများမှခွဲထွက်လာခဲ့ဟန်တူသည်။ ဆီအယ်ကျောက်များအနက် အထင်ရှားဆုံးမှာ နှမ်းဖတ်ကျောက်ဖြစ်၍ ဆီမာကျောက်များအနက် အထင်ရှားဆုံးမှာ ဗဆော့ကျောက် (Basalt) ဖြစ်၏။ အချို့သောအရပ်များတွင် သာမန်ဗဆော့ကျောက်များထက် ပိုသိပ်သည်းလေးလံသော ဒန်းနိုက်ကျောက်များ (dunite)၊ ပြောင်ခေါင်းစိမ်းကျောက်များ (peridotite)၊ နှင့် အက်ကလိုရိုက်ကျောက် (eclogite) ကို တွေ့ရှိနိုင်ပါသည်။ ၄င်းကျောက်များသည် မီးတောင်လှုပ်ရှားမှု၊ မြေလွှာရွေ့လျားမှုကြီးများနှင့်စပ်လျဉ်း၍ ကမ္ဘမြေထုမျက်နှာပြင်နှင့် အတော်အလှမ်းဝေးသည့် အနက်ပိုင်းမှရောက်ရှိလာခဲ့ဟန်တူ၏။
ကမ္ဘာ့အချို့သောအရာများသည် အရည်လည်းလုံးလုံးလျားလျားမဟုတ်၊ အခဲလည်းလုံးလုံးလျားလျားမဟုတ်သည့် အခြေအနေတွင် ရှိနေသည်။ ဥပမာ ပစ်ချကတ္တရာ၊ ချိပ် (Sealing wax)၊ ဖယောင်းတို့ဖြစ်၏။ ၄င်းတို့အပေါ်တွင် ဖိအားကို လျင်မြန်စွာသုံးလိုက်လျှင် ၄င်းတို့သည် အခဲကဲသို့ဖြစ်နေပြီး၊ ဖိအားကို နှေးကန်စွာနှင့်ကြာရှည်စွာသုံးလိုက်လျှင် ၄င်းတို့သည် အရည်ကဲ့သို့ဖြစ်နေပြန်၏။ ကမ္ဘာ့အတွင်းပိုင်းရှိကျောက်များသည်လည်း အလွန်ရှည်လျားသော အချိန်တာရှု့ထောင့် (၀ါ) ဘူမိဗေဒအချိန်တာရှု့ထောင့်မှ ကြည့်ရှု့လျှင် အခဲအခြေအနေနှင့်အရည်အခြေအနေကြား စပ်ကူးအခြေအနေတွင် ရှိနေသည်ဟု ယူဆနိုင်၏။ တနည်းဆိုရသော် စီးသွားနိုင်သည်ဟု ဆိုကြ၏။ ဘူမိဗေဒအချိန်တာတလျှောက်တွင် ပိုပေါ့ပါးသော ဆီအယ်ကျောက်များသည် ပိုလေးလံသောဆီမာကျောက်များပေါ်သို့ ဆီသည်ရေအပေါ်သို့ရောက်ရှိသည့်နည်းအတိုင်း ခွဲထွက်ရောက်ရှိနိုင်သည်ဟုလည်း ဆိုကြသေး၏။
ကမ္ဘာ့မြေထုအတွင်းပိုင်းရှိအချို့သောနေရာများတွင် ကျောက်လွှာများတွန့်ခေါက်မှုကြောင့် ဖိအားအလွန်လျော့နည်းသွားနိုင်သည်။ ထိုသို့သောနေရာများတွင် ကျောက်များ၏ ရည်ပျော်မှတ် (melting point) နိမ့်ကျသွားပြီး ကျောက်အချို့ အခဲအဖြစ်မှ အရည်အဖြစ်သို့ပြောင်းသွားနိုင်သည်။ ထိုသို့ဖြစ်ပေါ်လာသော ကျောက်ရည်များအနက် အချို့မြေမျက်နှာပြင်သို့ချော်ရည်အဖြစ်ဖြင့်ရောက်ရှိနိုင်သည်။ အချို့မှာမြေမျက်နှာပြင်အနီး ခဲသွားခြင်းဖြင့် နှမ်းဖတ်ကျောက်နှင့်အလားတူမီးသင့်ကျောက်များ ပေါ်ထွန်းလာနိုင်၏။
ကမ္ဘာ့မြေထုတစ်ခုလုံး၏ ပျမ်းမျှတောင့်တင်းနှုန်းမှာ ဖိအားကိုလျင်မြန်စွာအသုံးပြုသည့်ရှု့ထောင့်မှကြည့်လျှင် သံမဏိလုံး၏တောင့်တင်းမှုနှုန်းမျှသာရှိသည်ဟုဆိုနိုင်သည်။
(ဘူမိရုပ်သွင်ပညာပို့ချက်ချက် အတွဲ ၁၊ သင်ရိုးအမှတ် ၄၀၁ မှ အခန်း ၅ ကမ္ဘာ့မြေထုအအုံအဖွဲ့ စာမျက်နှာ ၆၃ မှ ၆၈ ထိ ဖော်ပြချက်များဖြစ်ပါသည်)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment