Tuesday, October 25, 2016

အတိတ်အီကော်လော်ဂျီ (Paleoecology)

ဒေါက်တာမြင့်လွင်သိမ်း အီကော်လော်ဂျီ (ecology) သည် သက်ရှိများ (တိရစ္ဆာန်နှင့် သစ်ပင်)နှင့် ယင်းတို့၏ ပတ်ဝန်းကျင်ကို အပြန်အလှန် ဆက်သွယ်နေပုံကို သိပ္ပံနည်းဖြင့် လေ့လာသော ဇီဝဗေဒ ပညာရပ်တခုဖြစ်သည်။ အတိတ်အီကော်လော်ဂျီ (paleoecology) သည် ရှေးခေတ်အခါက ကမ္ဘာမြေပေါ်တွင် အသက်ရှင် နေထိုင်ခဲ့ကြသော သက်ရှိများနှင့် ယင်းတို့၏ ပတ်ဝန်းကျင်တို့ ဆက်သွယ်ပုံ အကြောင်းအရာများကို သိပ္ပံနည်းဖြင့် စူးစမ်းရှာဖွေ ဖေါ်ထုတ်ပေးသော ကျောက်ဖြစ်ရုပ်ကြွင်းဗေဒ (paleontology) ၏ ပညာရပ်တခု ဖြစ်သည်။ ကျောက်ဖြစ်ရုပ်ကြွင်းဗေဒသည် ရှေးဘူမိခေတ်များအတွင်းက နေထိုင်တည်ရှိခဲ့ကြသော သက်ရှိများ၏ အကြောင်းကို ကျောက်ဖြစ်ရုပ်ကြွင်း (fossil) များ (ကျောက်ဖြစ်လျက်ရှိသော အတိတ်ခေတ် သက်ရှိများ၏ အကြွင်းအကျန်များ)ကို အထောက်အထားပြုကာ လေ့လာသော ဘူမိဗေဒသိပ္ပံ ပညာရပ်တခု ဖြစ်သည်။ အထက်ပါ ရှင်းလင်း ဖွင့်ဆိုချက်များအရ “အတိတ်အီကော်လော်ဂျီ” သည် ဇီဝဗေဒနှင့် ဘူမိဗေဒပညာရပ် နှစ်ခုစလုံးနှင့် ဆက်စပ်နေကြောင်း ထင်ရှားစွာ တွေ့ရလေသည်။ အီကော်လော်ဂျီ အတိတ်အီကော်လော်ဂျီကို ကျနစွာ နားလည်နိုင်ရန် ပစ္စုပ္ပန် အီကော်လော်ဂျီကို ခေတ်မီစွာ နားလည်ဖို့ အလွန်လိုအပ်ပေသည်။ သက်ရှိတို့၏ ပတ်ဝန်းကျင်ကို ပြုလုပ်ဖန်တီးထားသည့် အီကော်လော်ဂျီအချက် (ecologic factor) များသည် အမြဲတမ်းပြောင်းလဲနေသည့်ပြင် တခုနှင့်တခုလည်း ဆက်စပ်နေလျက် အလွန်တရာ ရှုပ်ထွေးလှပေသည်။ ပတ်ဝန်းကျင်ဟု ဆိုရာ၌ ရုပ်ပတ်ဝန်းကျင်၊ ဓါတ်ပတ်ဝန်းကျင်၊ ဇီဝပတ်ဝန်းကျင် တို့ကို ဆိုလိုသည်။ ရုပ်ပတ်ဝန်းကျင်၌ ပါဝင်သည့် အရေးကြီးသော အီကော်လော်ဂျီအချက်များသည် အပူချိန်၊ အလင်းရောင် အခြေအနေ၊ ဖိအား၊ ဆွဲအား၊ ရေဒီယေးရှင်း (radiation)၊ ရေအနက်၊ ရေလှုပ်ရှားမှု၊ ပင်လယ်အောက် သို့မဟုတ် ကုန်းမြေ၏ အခြေအနေနှင့် မျက်နှာပြင်၊ အောက်ခြေ အနည်ထိုင်ခြင်း အခြေအနေ၊ ရေထုနှင့် ကုန်းမြေ၏ ပထ၀ီအနေအထား စသည်တို့ဖြစ်ကြသည်။ ဓါတ်ပတ်ဝန်းကျင်တွင် ရေငန်ခြင်း၊ ရေတွင်ပျော်ဝင်နေသည့် အောက်စီဂျင် (oxygen)၊ ကာဗွန်ဒိုင်အောက်ဆိုက် (carbon dioxide)၊ နိုက်တြိုဂျင် (nitrogen) စသည့် ဓါတ်ငွေ့များ၊ ရေတွင်ပျော်ဝင်ခြင်း မရှိသည့် ကော်လွိုက် (colloid) စသည့် အီကော်လော်ဂျီအချက်များ ပါဝင်ကြသည်။ ဇီဝပတ်ဝန်းကျင်တွင် အစားအစာ ပါဝင်သည့် သက်ရှိတို့၏ ဦးရေ၊ ပမာဏ၊ အမျိုးအစား၊ သက်ရှိများနှင့် အခြား မျိုးစိတ် (species) များ၏ အပြန်အလှန်ဆက်သွယ်ထောက်ကူမှု (symbiotic relationship) များ၊ သက်ရှိများ ပျံ့နှံ့သွားလာမှု၊ မွေးနှုန်းနှင့် သေနှုန်း၊ ဦးရေ၊ တိုးပွားမှုနှင့် ဆုတ်ယုတ်မှု စသည့် အီကော်လော်ဂျီအချက်များ ပါဝင်သည်။ အထက်ပါ အီကော်လော်ဂျီ အချက်များအနက် အချို့သည် မျိုးစိတ်တခု၏ ပြန့်ပွားရေး၌ အခြားအချက်များထက် အရေးကြီးပေသည်။ မျိုးစိတ်အမျိုးမျိုးတို့သည် တူညီသည့် အီကော်လော်ဂျီ အချက်များ၏ ပြုပြင်ဖန်တီးမှုကို ကွဲပြားစွာ ရရှိတတ်ကြသည်။ သို့သော်လည်း အချက်တခုခု၏ အရေးကြီးပုံသည် ပြဿနာ အမျိုးအစားကိုလိုက်၍ ပြောင်းလဲလျက်ရှိပေသည်။ ချုံ၍ကြည့်လျှင်ကား များသောအားဖြင့် အီကော်လော်ဂျီ အချက်အချို့သည် တခုနှင့်တခု နီးကပ်စွာ ဆက်စပ်နေသည့် အလျောက် ယင်းတို့၏ အရေးကြီးပုံကို အဆင့်အတန်း ခွဲခြားသိရှိနိုင်ရန်မှာ ခဲယဉ်းလှသည်။ ဇီဝထု (biota) နှင့် ပတ်ဝန်းကျင်တို့ အတူအကွ ဖွဲ့စည်းတည်ရှိနေသည့် စနစ်ကြီးကို အီကိုစနစ် (ecosystem or ecological system) ဟု ခေါ်၏။ ယင်း အီကိုစနစ်တွင် သက်ရှိများနှင့် ပတ်ဝန်းကျင်တို့သည် အပြန်အလှန် ရှုပ်ထွေးစွာ ဆက်သွယ်နေကြသည်။ ဇီဝထုသည် ဇီဝပထ၀ီ (Bio-geography) ပျံ့နှံ့မှုတွင် အကျုံးဝင်နေသောကြောင့်၎င်း အတည်တကျမရှိပဲ ပြောင်းလဲလှုပ်ရှားလျက် ရှိပေသည်။ (ပုံ ၁ ရှု။) ဆင့်ကဲဖြစ်စဉ် (evolution) သည် ပတ်ဝန်းကျင် ပြောင်းလဲခြင်းကြောင်း၎င်း၊ အချိန် ကြာမြင့်ခြင်းကြောင့်၎င်း၊ မြူတေးရှင်း (mutation) ခေါ် ဂျီးန (genes) များ ပြောင်းလဲခြင်းကြောင့်၎င်း ဖြစ်ပေါ်လေသည်။ ပတ်ဝန်းကျင် ကိုယ်တိုင်သည်လည်း ဇီဝထု ပြောင်းလဲသည့်အလျောက် အလိုက်သင့် ပြောင်းလဲလျက်ရှိသည်။ အတိတ်အီကော်လော်ဂျီ ယေဘူယျအားဖြင့် အတိတ်အီကော်လော်ဂျီသည် ရှေးခေတ်က ဖြစ်ပျက်ခဲ့သည့် အီကော်လော်ဂျီကို လေ့လာသည့် ပညာရပ်ပင် ဖြစ်၏။ ဤအတိတ် အီကော်လော်ဂျီ၏ လေ့လာချက်တွင် တချိန်တခါက ဖြစ်ထွန်းတည်ရှိခဲ့သည့် သက်ရှိများ၏ ကျောက်အဖြစ် ပြောင်းလဲသွားသော ရုပ်ကြွင်းများကို၎င်း၊ ယင်းကျောက်ဖြစ်ရုပ်ကြွင်းများနှင့် အတူအကွ တွေ့ရှိရသည့် အနည်ကျကျောက် (sedimentary rock) များကို၎င်း အတူတကွ လေ့လာရသည်။ ကျောက်ဖြစ်ရုပ်ကြွင်းများသည် အတိတ်က သက်ရှိများ၏ အကြောင်းနှင့် ဇီဝပတ်ဝန်းကျင်ကို ညွှန်းပြ၍ အနည်ကျကျောက်များနှင့် ရုပ်ကြွင်းကျောက်များကမူ အတိတ်၏ ရုပ်ပတ်ဝန်းကျင်နှင့် ဓါတ်ပတ်ဝန်းကျင်တို့ကို ညွှန်းပြပေသည်။ ရုပ်ကြွင်းများသည် အနည် (sediment) များ၏ ဖိဖုံးခြင်းကို ခံရပြီးနောက် နှစ်ပေါင်း မြောက်များစွာ ကြာညောင်းမှ ကျောက်ဖြစ်ရုပ်ကြွင်းအဖြစ်သို့ ပြောင်းလဲသွားရသည့်အလျောက် အတိတ်အီကော်လော်ဂျီကို လေ့လာရာတွင် ပစ္စုပ္ပန် အီကော်လော်ဂျီ အချက်အလက်များကို သိရှိနားလည်ရန် များစွာ လိုသည့်ပြင်၊ ရုပ်ကြွင်းများ အသက်ရှင်စဉ်က ဖြစ်ပျက်ခဲ့သော ပတ်ဝန်းကျင် အခြေအနေများကို သိရှိနိုင်ရန် ဘူမိလုပ်ရပ် (geological process) များ၊ အထူးသဖြင့် အနည်ကျခြင်း အကြောင်းအရာ (sedimentation) များကို နားလည်ရန်လည်း အဓိက အရေးကြီးပေသည်။ ရုပ်ကြွင်းများ၏ အတိတ်သဟာယအဖွဲ့အစည်း (paleo-community structure) နှင့် အတိတ်အီကော်လော်ဂျီများကို လေ့လာရာ၌ အနည်ကျခြင်းနှင့် သယ်ယူပို့ဆောင်ခြင်း အကြောင်းအရာများသည် အရေးကြီးလှသည်။ အတိတ်ခေတ်အတွင်းက သက်ရှိများသည် သေပြီးနောက် အနည်များ၏ ဖိဖုံးခြင်း မခံရလျှင် အခြားသတ္တ၀ါများ၏ စားသုံး ဖျက်ဆီး ပစ်ခြင်းကိုသော်၎င်း၊ ဘူမိလုပ်ရပ်များ၏ ဖျက်ဆီးခြင်းကိုသော်၎င်း ခံရမည်ဖြစ်၍ ထိုသက်ရှိတို့၏ အထောက်အထားများသည် ကျန်ရစ်ခဲ့နိုင်မည် မဟုတ်ပေ။ သို့မဟုတ်လျှင်လည်း ဘူမိလုပ်ရပ်များ၏ အခြားတနေရာသို့ သယ်ယူပို့ဆောင်ခြင်းကို ခံရပြီးမှ အနည်များ၏ ဖိဖုံးခြင်းကို ခံရတတ်လေသည်။ သယ်ယူပို့ဆောင်ခြင်း ခံရသည့်အလျောက်လည်း နဂိုရှိရင်းစွဲ သဟာယအနေအထားသည် မူမှန်ခြင်းကင်းမဲ့စွာ ပျက်ပြားနေတတ်သည်။ သက်ရှိများ အသက်ရှင်နေစဉ်အတွင်း နေရာဒေသ တခုအတွင်း၌ တဦးနှင့်တဦး အပြန်အလှန် ဆက်သွယ်မှီခိုလျက် နေထိုင်ခဲ့သည့် သဟာယအဖြစ်ကို သက်ရှင်ပေါင်းစု (biocoenosis) ဟုခေါ်လေသည်။ ကျောက်ဖြစ်ရုပ်ကြွင်းများအဖြစ် တည်ရှိသည့် သက်ရှိပေါင်းစုကို ကျောက်ဖြစ်ရုပ်ကြွင်းသက်ရှင် ပေါင်းစု (fossil life assemblage) ဟုခေါ်သည်။ အကယ်၍ ထိုသက်ရှင်ပေါင်းစုသည် အနည်များ၏ ဖိဖုံးခြင်းကို မခံရမီက သယ်ယူ ပို့ဆောင်ခြင်း စသည့်ဒဏ်များကို ခံရပါက နဂိုသဘာဝ သဟာယ၏ အနေအထား ပျက်ပြားသွားလေ့ ရှိသဖြင့် ယင်းကို ကျောက်ဖြစ်ရုပ်ကြွင်း သေပေါင်းစု (fossil death assemblage) အဖြစ်ဖြင့်သာ တွေ့ရှိရပေမည်။ ကျောက်ဖြစ်ရုပ်ကြွင်းသက်ရှင်ပေါင်းစုသည် တချိန်က ဖြစ်ထွန်းပေါ်ပေါက်ခဲ့သည့် သက်ရှိများ၏ သဟာယအဖွဲအစည်းကို လေ့လာရာ၌ အသုံးဝင်လေသည်။ အဆိုပါ အတိတ်သဟာယ၏ ဖွဲ့စည်းပုံကို သိရခြင်းအားဖြင့် သက်ရှိများ၏ မျိုးဆက်ပြန့်ပွားပုံ၊ ဦးရေတိုးပွားပုံ သို့မဟုတ် ဆုတ်ယုတ်ပုံ၊ သက်ရှိများ၏ မျိုးစိတ်တွင်းနှင့် မျိုးစိတ်ချင်း အဆက်အသွယ်ပြုပုံ၊ သက်ရှိများ၏ အဆင့်ဆင့်ပြောင်းလဲပုံ တို့ကို သိရှိနိုင်လေသည်။ ကျောက်ဖြစ်ရုပ်ကြွင်း သေပေါင်းစုမှာ အတိတ်သဟာယ၏ ဖွဲ့စည်းပုံကို လေ့လာရာ၌ အသုံးမ၀င်ချေ။ သို့သော်လည်း ယင်းသည် ကျောက်ဖြစ်ရုပ်ကြွင်း သက်ရှင်ပေါင်းစုကဲ့သို့ပင် အတိတ်၏ ပတ်ဝန်းကျင် အခြေအနေနှင့် အနည်ကျခြင်း အခြင်းအရာများကို ခန့်မှန်းရာ၌မူ အသုံးဝင်လေသည်။ အတိတ်၏သော့ချက် ပုံ (၁)သည် အတိတ်အီကော်လော်ဂျီ လေ့လာချက်ကို သိရှိနိုင်ရန် ရေးဆွဲထားသော ပုံဖြစ်၏။ (က) စက်ဝန်းသည် အတိတ်ကတည်းက ရှိခဲ့ဖူးသည့် အီကိုစနစ်ကြီးဖြစ်သည်။ ယင်းစနစ်ကြီးတွင် ဇီဝထုသည် သက်မဲ့ကဲ့သို့ တည်ငြိမ် ရပ်တန့်နေခြင်းမရှိပဲ အခြေအနေအရ အဆင့်ဆင့်ပြောင်းလဲလျက်၎င်း၊ ဇီဝပထ၀ီအလိုက် ပျံ့နှံ့လျက်၎င်း ပတ်ဝန်းကျင်နှင့် အထိုက်အလျောက် အပြန်အလှန်ရှုပ်ထွေးစွာ ဆက်သွယ်လျက်နေသည်။ (ခ)စက်ဝန်းမှာ မျက်မှောက်ခေတ်၌ တွေ့ရှိရသည့် ရှေးခေတ်အီကိုစနစ်ကြီး၏ ၀တ္တုပစ္စည်းများ ဖြစ်သည်။ ဤ၀တ္တုပစ္စည်းများသည် အနည်ထိုင်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ဒိုင်ယာဂျင်းနစ်စစ် (diagenesis) ဟုခေါ်သည့် ကျောက်သားပြောင်းလဲခြင်းများ ပါဝင်သော ဘူမိလုပ်ငန်းများကြောင့် နဂိုအီကိုစနစ်ကြီးအတွင်း၌ တွေ့ရှိနိုင်သည့် ၀တ္တုပစ္စည်းများနှင့် ပုံပန်းသဏ္ဍာန်အားဖြင့်၎င်း၊ သဘောသဘာဝ အနေအထားအားဖြင့်၎င်း တူညီချင်မှ တူညီပေတော့မည်။ ယင်းဝတ္တုပစ္စည်းများသည် ကျောက်ဖြစ်ရုပ်ကြွင်းများနှင့် အနည်ကျကျောက်များ ဖြစ်ကြ၏။ ကျောက်ဖြစ်ရုပ်ကြွင်းများကို ဇီဝဖေးဆီး (biofacies) ဟု ခေါ်၍ အနည်ကျကျောက်များကို ကျောက်ဖေးဆီး (rock facies) ဟုခေါ်သည်။ (ခ)စက်ဝန်းကို ဘူမိပေါ်ထွက်ပိုင်း (geological outcrop) များ၌သာ တွေ့ရ၏။ (ခ) စက်ဝန်း၏ အနေအထားနှင့် သဘော သဘာဝ တို့ကို စီစစ်လေ့လာခြင်းအားဖြင့် (က)စက်ဝန်း၏ အကြောင်း (၀ါ) အတိတ်အီကော်လော်ဂျီ အကြောင်းကို သိနိုင်လေသည်။ ဘူမိပေါ်ထွက်ပိုင်းများကို လေ့လာရာ၌ နမူနာကျောက်များကို ယူ၍ လေ့လာရသည်။ ယင်းနမူနာ ကျောက်များကို (ဂ)စက်ဝန်းပါ ပုံ (၁)တွင် ဖေါ်ပြထားသည်။ ထို့ကြောင့် (ဂ)စက်ဝန်းသည် အတိတ်အီကော်လော်ဂျီကို ရှာဖွေ လေ့လာရာ၌ အဓိက သော့ချက်ပင်ဖြစ်သည်။ အတိတ်အီကော်လော်ဂျီကို လေ့လာမှု၌ အရေးအကြီးဆုံးပြဿနာသည် (ဂ)စက်ဝန်းနှင့် (က)စက်ဝန်းတို့၏ ဆက်စပ်မှုကို ရှာရန်ပင်ဖြစ်သည်။ (ဂ)စက်ဝန်းကို သိပ္ပံနည်းကျကျ လေ့လာခြင်းအားဖြင့် (က)စက်ဝန်းတွင်း တည်ရှိ ဖြစ်ပျက်ခဲ့သည့် အီကော်လော်ဂျီ အကြောင်းအရာများကို၎င်း၊ (ခ)စက်ဝန်းတွင်း ဘူမိပေါ်ထွက်ပိုင်းများ အဖြစ်ဖြင့် ကြွင်းကျန်ရစ်ခဲ့သည့် အချိန်အထိ အထက်ဖေါ်ပြပါ အီကော်လော်ဂျီ ပြောင်းလဲချက် များကို၎င်း သိရှိရလေသည်။ ဤကဲ့သို့ (ဂ)စက်ဝန်းမှတဆင့် (က)စက်ဝန်း၏ အကြောင်းအရာများကို ရှာဖွေလေ့လာရာတွင် သုတေသနပြုလုပ် လေ့လာချက် အမျိုးမျိုးအပေါ် မူတည်၍ သင့်လျော်သော သိပ္ပံနည်းများကို အသုံးပြုရလေသည်။ ယင်းနည်းများသည် ဇီဝဗေဒနည်း၊ အနည်ကျ ကျောက်အနေအထားနည်း၊ ကျောက်သားပြောင်းလဲမှုနည်း၊ စာရင်းအင်းဗေဒနည်းများ ဖြစ်ကြသည်။ (အထက်ပါ နည်းများနှင့် ပတ်သက်သော ဆောင်းပါးများကို နောင်တွင် အလျဉ်းသင့်သလို ရေးသားသွားရန် စာရေးသူတွင် ရည်ရွယ်ချက်ရှိပါသည်။) နိဂုံး အတိတ်အီကော်လော်ဂျီသည် ယခုခေတ်တွင်မှ ဖွံ့ဖြိုးတိုးတက် အသုံးဝင်လာသည့် ကျောက်ဖြစ်ရုပ်ကြွင်းဗေဒ ပညာရပ်၏ အကိုင်းအခက်တခု ဖြစ်သည်။ အတိတ်အီကော်လော်ဂျီကို လေ့လာရာ၌ အတိတ်ခေတ်၏ ဇီဝနှင့် ပတ်ဝန်းကျင်များ၏ သဘောသဘာဝကို သိရှိရသည့် အလျောက် ရေနံနှင့် ကျောက်မီးသွေး ရှာဖွေရေး၌ လွန်စွာ အရေးပါ အရာရောက်လေသည်။ အတိတ်အီကော်လော်ဂျီကို ရှုထောင့်အမျိုးမျိုးမှ လေ့လာနိုင်သဖြင့် ယင်းလေ့လာချက်နှင့် ပတ်သက်သော စာပေများသည် အမြောက်အများရှိလေသည်။ ဂျာနယ်၊ မဂ္ဂဇင်း၊ စာရွက်စာတန်း မျိုးစုံ၌ ဘာသာပေါင်းများစွာဖြင့် ရေးသားချက်များ ရှိလေသည်။ ဤပညာရပ်နှင့် ပတ်သက်၍ အင်္ဂလိပ်ဘာသာဖြင့် ပြုစုထားသည့် Treatise on Marine Ecology and Paleocology သည် အတိတ်အီကော်လော်ဂျီ သုတေသန ပြုသူများအတွက် အလွန်အသုံးဝင်သည့် စာအုပ်ဖြစ်သည်။ ယင်းကို အတွဲ ၂ တွဲ အဖြစ်ဖြင့် ၁၉၅၇ ခုနှစ်တွင် အမေရိကန် ဘူမိဗေဒအသင်း (Geological Society of America) က ထုတ်ဝေ ခဲ့သည်။ ကျောင်းသုံးစာအုပ်အဖြစ်ဖြင့် ၁၉၆၃ ခုနှစ်တွင် ဒီရက်၊အေဂါ (Derek Ager) ရေးသားထားသည့် Principles on Paleoecology စာအုပ် တအုပ် ရှိလေသည်။ ယင်းစာအုပ်အပြင် သုတေသတန ပညာရှင်အများ စုပေါင်းရေးသား၍ အင်ဗရီ (Imbrie) နှင့် နီဝဲ (Newell) တို့တည်းဖြတ်ကာ ၁၉၆၄ခုနှစ်တွင် ထုတ်ဝေသော Approaches to Paleoecology စာအုပ်သည် အလွန်ကောင်းမွန်၍ အဆင့်အတန်းမြင့်သည့် စာအုပ်တအုပ် ဖြစ်လေသည်။ ယင်းစာအုပ်သည် သုတေသနပြုလုပ်နေသည့် ပညာရှင်များနှင့် အတန်းကြီး ကျောင်းသားများအတွက် အထောက်အပံများစွာ ရစေမည့် စာအုပ်ဖြစ်သည်။ အထက်ဖေါ်ပြပါ စာအုပ်များသည် များမကြာမီ အချိန်ကမှ ပေါ်ထွက်လာသော စာအုပ်များသာဖြစ်သဖြင့် အတိတ်အီကော်လော်ဂျီ ပညာရပ်သည် မကြာမီကမှ စတင်ဖွံ့ဖြိုးလာသော ပညာရပ်ဖြစ်သည်မှာ ထင်ရှားပေသည်။ နောင်မကြာမီ အချိန်အတွင်းတွင်ကား ဤပညာရပ်သည် ပိုမို ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်သည့်အလျောက် ယင်းနှင့် သက်ဆိုင်သည့် စာအုပ်စာတမ်းများလည်း ပိုမို ထွက်ပေါ်လာလိမ့်မည်ဟု ခန့်မှန်း ရပေသတည်း။ (တက္ကသိုလ် ပညာပဒေသာစာစောင်၊ အတွဲ ၁၊ အမှတ် ၁၊ ၁၉၆၆ ပါ ဆောင်းပါးကို ပြန်လည်ကူးယူ ဖေါ်ပြပါသည်။)

မြန်မာနိုင်ငံတွင် ဘူမိသိပ္ပံပညာရပ်များ ဖွံ့ဖြိုးတိုးတက်လာခြင်း (သမိုင်းအကျဉ်း)

မြန်မာနိုင်ငံတွင် ဘူမိသိပ္ပံပညာရပ်များ ဖွံ့ဖြိုးတိုးတက်လာခြင်း (သမိုင်းအကျဉ်း) မြန်မာနိုင်ငံဘူမိသိပ္ပံအသင်း စတုတ္ထနှစ်ပတ်လည် အစည်းအဝေး (၁-၂-၀၈) ဥက္ကဌသစ် မိန့်ခွန်း မိန့်ခွန်းပြောသူ – ဒေါက်တာဝင်းဆွေ နိဒါန်း ဥက္ကဌသစ်ရဲ့ ပထမဦးဆုံး နှုတ်ဆက်စကားအနေနဲ့ ပညာရပ်ဆိုင်ရာ သိသင့် သိထိုက်တဲ့ အကြောင်းအရာတစ်ခုခု ဖြစ်စေချင်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံတွင် ဘူမိသိပ္ပံပညာရပ်များ ဖွံ့ဖြိုးတိုးတက်လာပုံကို အကျဉ်းချုပ် တင်ပြပါမယ်။ ဘူမိဗေဒအစ ဘူမိဗေဒပညာရပ်သည်လဲ အခြားသိပ္ပံပညာရပ်များလိုဘဲ သဘာဝသိပ္ပံပညာရပ် အမျိုးအစားတစ်ခုဖြစ်တယ်။ လူသားတွေဟာ ဦးနှောက်ဖွံ့ဖြိုးလာစ ကတည်းက မိမိရဲ့သဘာဝပတ်ဝန်းကျင် သြကာသလောကကြီး အကြောင်းကို လေ့လာစီစစ်ခဲ့ကြတယ်။ အဲဒီလိုလေ့လာရာမှ သဘာဝသိပ္ပံပညာရပ်များ (Natural Sciences) ပေါ်ပေါက်ခဲ့တယ်။ ထိုမှတဆင့် သိပ္ပံပညာနယ်ပယ်ဟာ အထူးကျယ်ပြန့်လာပြီး ဓာတုဗေဒပညာ၊ ရူပဗေဒပညာ စသည်ဖြင့် ခွဲခြားသတ်မှတ်လာခဲ့ကြတယ်။ အတိအကျ သဘာဝနယ်နိမိတ် မရှိပါဘူး။ ဒီအထဲမှာ ဘူမိဗေဒကတော့ သီးခြားခွဲထွက်လာတာ နောက်ကျခဲ့တယ်ဆိုရမှာဘဲ။ ဘူမိဗေဒကို ပထ၀ီဝင်ပညာရပ်နဲ့ ရောယှက်ထားခဲ့ကြလို့ ထင်ပါတယ်။ နောက်တစ်ချက်က ဘူမိဗေဒဟာ အခြားသိပ္ပံပညာရပ်တွေပေါ်မှာ အခြေခံအမှီပြုထားတဲ့ ပညာရပ်လဲ ဖြစ်နေတယ်။ (၁၈)ရာစုနှောင်းပိုင်းမှ (၁၉)ရာစုအတွင်း အရှိန်နဲ့ သိသိသာသာ တိုးတက်ထွန်းကားခဲ့တယ်။ (ဇယား ၁) အဲဒီနောက်ပိုင်းမှာတော့ ဘူမိဗေဒနဲ့ အခြားသဘာဝသိပ္ပံပညာရပ်တွေရဲ့ ဆက်စပ်မှုကို တိုးချဲ့လေ့လာခဲ့ကြလို့ ဘူမိဓာတုဗေဒ (Geochemistry)၊ ဘူမိရူပဗေဒ (Geophysics)၊ ဇလဘူမိဗေဒ (Hydrogeology)၊ အင်ဂျင်နီယာဘူမိဗေဒ (Engineering Geology)၊ ပတ်ဝန်းကျင်ရေးရာ ဘူမိဗေဒ (Environmental Geology)၊ အဏ္ဏ၀ါဘူမိဗေဒ (Marine Geology) စတဲ့ ဘူမိသိပ္ပံပညာရပ်ခွဲတွေ ပေါ်ထွက်လာခဲ့တယ်။ ဒါကြောင့် ကျွန်တော်တို့ ဘူမိဗေဒကို ယနေ့ ဘူမိသိပ္ပံပညာရပ်များဟု ခေါ်လာကြခြင်းပါပဲ။ မြန်မာနိုင်ငံ ဘူမိဗေဒလုပ်ငန်းများ (အပိုင်း -၁) မြန်မာနိုင်ငံမှာ တွင်းထွက်သဘာဝသယံဇာတ အမျိုးအစား စုံလင်လှပါတယ်။ ဒါပေမယ့် နမူနာတွေလောက်ပဲရှိသလား၊ တကယ်သတ္ထုသိုက်တွေကော ရှိရဲ့လား ဆိုတဲ့မေးခွန်းကို ဖြေဖို့တော့ အလွန်ခက်ခဲပါတယ်။ ယနေ့ခေတ်မှာ တိုးတက်ထွန်းကားနေတဲ့ ရှာဖွေရေးနည်းပညာသစ်တွေနဲ့ တစ်နိုင်ငံလုံးမှာ စနစ်တကျ ရှာပြီးပြီလား လို့ ပြန်မေးရမှာပါဘဲ။ ထူးခြားတာကတော့ မြန်မာနိုင်ငံဟာ ကမ္ဘာမှာ ဘယ်နိုင်ငံကမှ ယနေ့တိုင် ယှဉ်ပြိုင်လို့မရနိုင်သေးတဲ့ ပတ္တမြား၊ နီလာ၊ ကျောက်စိမ်းစတဲ့ ကျောက်မျက်တွင်းထွက်တွေ ကြွယ်ဝတဲ့ဒေသအဖြစ် ကျော်ကြားနေခြင်းပါပဲ။ ဒါကြောင့် ဘူမိဗေဒပညာရပ် သီးခြားပေါ်ပေါက် မလာခင်ကတည်းက မြန်မာ့ပတ္တမြားနဲ့ ကျောက်စိမ်းတို့ကို ကမ္ဘာက သိခဲ့ကြတယ်။ အလွန် တန်ဖိုးထားခဲ့ကြတယ်။ ဒါအပြင် ရေနံနဲ့ ခဲမဖြူ ထွက်တာကိုလဲ ကမ္ဘာက ရှေးဦးကပင် သိခဲ့ကြတယ်။ မြန်မာနိုင်ငံအတွင်း ဘူမိဗေဒလေ့လာရေးလုပ်ငန်းတွေကိုတော့ ပထမ အင်္ဂလိပ်-မြန်မာစစ်ပွဲ (၁၈၂၄) အပြီးမှာ စတင်ခဲ့ကြတယ်။ အဲဒိအချိန်မှာ ဘူမိဗေဒပညာရပ်ဟာလည်း စတင်ကြီးထွားစဲကာလမို့ ပဏာမ လေ့လာရေးအဆင့်လောက်ပဲ လုပ်ခဲ့ကြတာပါ။ အဓိကကတော့ “ငါးပွက်ရာ ငါးစာချ” တွင်းထွက် သယံဇာတ ရှာကြတာပါပဲ။ “အိန္ဒိယဘူမိဗေဒလေ့လာရေးဌာန (Geological Survey of India (GSI)) ကို ၁၈၅၁ခုနှစ်မှာ စတင် တည်ထောင်ခဲ့တယ်။ အဲဒီတုန်းက အင်္ဂလိပ်၊ အိန္ဒိယနဲ့ မြန်မာအတွက် ဖြစ်ပါတယ်။ ၁၈၅၅ခုနှစ် ဒုတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲ ပြီးချိန်မှာတော့ ဘူမိဗေဒပညာရပ်ဟာ အတော်လေး တိုးတက်လာခဲ့ပါပြီ။ ကမ္ဘာအရပ်ရပ်မှာ ဘူမိဗေဒအသင်းအဖွဲ့များနဲ့ ဘူမိဗေဒလေ့လာရေးဌာနများ ဖွဲ့စည်းပြီးနေကြပြီ။ မြန်မာနိုင်ငံမှာလည်း GSI မှ ဘူမိဗေဒပညာရှင်များက ဘူမိဗေဒ လေ့လာရေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် စတင်ဆောင်ရွက်ခဲ့ကြတယ်။ ဒီအထဲမှာ Theobald (၁၈၇၃) ရဲ့ “The Geology of Pegu” ဟာ မြန်မာ့ဘူမိဗေဒနယ်ပယ်မှာ အစောဆုံး ဒေသန္တရ ဘူမိဗေဒ အစီရင်ခံစာလို့ ခေါ်ရမှာပါဘဲ။ ၁၈၈၅ ခုနှစ် တတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲအပြီးမှာတော့ အင်္ဂလိပ်တို့က ၁၈၈၆ခုနှစ်တွင် Burma Oil Co.Ltd (BOC) နှင့် ၁၈၈၇ခုနှစ်တွင် Burma Ruby Mines Co.Ltd တို့ကို တည်ထောင်ခဲ့ကြတယ်။ GSI ပညာရှင်တွေကလည်း မြန်မာတစ်နိုင်ငံလုံးအတွင်း ဘူမိဗေဒလုပ်ငန်းတွေကို နေရာအနှံ့ ဆက်လက်ဆောင်ရွက် ခဲ့ကြတယ်။ La Touche (1913) ရဲ့ “The Geology of The Mergui District” နှင့် I Brown and Sandhi (1934) တို့ရဲ့ “Geology of The Country between Kalaw and Taunggyi, Southern Shan State” တို့ဟာ ဒေသအလိုက် ဆောင်ရွက်ခဲ့ကြတဲ့ ဒေသန္တရ ဘူမိဗေဒအစီရင်ခံစာများ ဖြစ်တယ်။ သတ္ထုတွင်းများ တ၀ိုက်မှာလဲ လေ့လာခဲ့ကြတယ်။ ဒါပေမယ့် သူတို့ရဲ့အစီရင်ခံစာတွေကို ပုံနှိပ်ထုတ်ဝေခြင်း နည်းပါတယ်။ ၁၉၂၀ပြည့်နှစ်မှာ တည်ထောင်ခဲ့တဲ့ ရန်ကုန်တက္ကသိုလ်မှ ဘူမိဗေဒဆရာအချို့ကလည်း ဘူမိဗေဒလေ့လာရေး လုပ်ငန်းများကို တက်အားသရွေ့ ဆောင်ရွက်ခဲ့ကြတယ်။ ပါမောက္ခ Dr. L.D.Stamp ရဲ့ မြန်မာနိုင်ငံအလယ်ပိုင်း ဘူမိဗေဒ စာတမ်းတွေကို ယနေ့တိုင် ကိုးကားနေကြတာ တွေ့ရတယ်။ ၁၉၃၄ခုနှစ်မှာ ပုံနှိပ်ထုတ်ဝေခဲ့တဲ့ ရန်ကုန်တက္ကသိုလ်မှ Dr. Chibber ရဲ့ “The Geology of Burma” နဲ့ “The Mineral Resources of Burma” စာအုပ်နှစ်အုပ်ဟာ ၁၉၃၃ ခုနှစ်အထိ မြန်မာနိုင်ငံအတွင်း ဆောင်ရွက်ခဲ့ဖူးတဲ့ ဘူမိဗေဒ စာတမ်းများနဲ့ အစီရင်ခံစာများကို စုပေါင်းသုံးသပ် တင်ပြထားလို့ ယနေ့တိုင် သုံးစွဲနေရပါသေးတယ်။ GSI က E.H.Pascoe ရဲ့ “A manual of the geology of India and Burma (1950, 1959, 1962)” စာအုပ်များတွင်လည်း လွပ်လပ်ရေးမတိုင်မီက ရရှိထားသော မြန်မာနိုင်ငံရဲ့ ဘူမိဗေဒ အချက်အလက်များ ပြည့်စုံစွာ ပါဝင်ခဲ့တယ်။ မြန်မာနဲ့ အိန္ဒိယတို့ကို အင်္ဂလိပ်က ခွဲခြားအုပ်ချုပ်တဲ့ ၁၉၃၇ခုနှစ်မှာ မြန်မာနိုင်ငံ ဘူမိဗေဒလုပ်ငန်းများအတွက် ”မြန်မာနိုင်ငံ ဘူမိဗေဒလေ့လာရေးဌာန” (Burma Geological Department (BGD)) ကို ထူထောင်ခဲ့တယ်။ GSI မှ ဘူမိဗေဒပညာရှင်အချို့ကို ယာယီတာဝန်ပေးပြီး တည်ထောင်ခဲ့ခြင်းဖြစ်တယ်။ ဒါပေမယ့် မကြာမီမှာ ဒုတိယ ကမ္ဘာစစ်ကြီး ဖြစ်ပွားခဲ့လို့ လုပ်ငန်းများ ရပ်ဆိုင်းခဲ့ရတယ်။ ဒုတိယ ကမ္ဘာစစ်ကြီး မတိုင်ခင်ကာလမှာ မြန်မာ ဘူမိဗေဒပညာရှင်များ မထွန်းကားသေးလို့ စစ်ပြီးခေတ်မှာ ဘူမိဗေဒလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ရန် အခက်အခဲများနဲ့ ကြုံတွေ့ခဲ့ရတယ်။ မြန်မာနိုင်ငံ ဘူမိဗေဒလုပ်ငန်းများ (အပိုင်း-၂) Dr.သာလှဟာ စစ်ပြီးခေတ် ၁၉၄၆ခုနှစ်မှာ အင်္ဂလန်နိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်ရောက်လာပြီး ရန်ုကုန်တက္ကသိုလ် ပထ၀ီဝင်နှင့် ဘူမိဗေဒဌာနမှာ ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင် ခဲ့တယ်။ စစ်ပြီးခေတ်မှာ ဘူမိဗေဒပညာရပ်ကို စတင်ပို့ချခဲ့တယ်။ ၁၉၄၈ ခုနှစ်မှာ သီးခြားဘူမိဗေဒဌာန ဖြစ်ပေါ်လာတော့လည်း Dr.သာလှက ပါမောက္ခဖြစ်လာခဲ့တယ်။ ဘူမိဗေဒပို့ချရာမှာ Dr.သာလှရဲ့ တပည့်များဖြစ်ကြတဲ့ Dr.ညီညီနဲ့ ဦးဘသန်းဟက်တို့ ၁၉၅၆နဲ့ ၁၉၅၇ခုနှစ်များမှာ အင်္ဂလန်မှ အသီးသီး ပြန်ရောက်လာကြတယ်။ အဲဒီတော့မှ မြန်မာဘူမိဗေဒဆရာတွေနဲ့ သိုက်သိုက်ဝန်းဝန်း သင်ကြားပို့ချနိုင်ခဲ့ပါတယ်။ မန္တလေးတက္ကသိုလ်ကောလိပ်မှာလဲ ၁၉၅၃ခုနှစ်မှာ ဘူမိဗေဒ ဘာသာရပ်ကို စတင်သင်ကြားခဲ့တယ်။ ဘူမိဗေဒပညာ သင်ကြားပို့ချရန် အခက်အခဲရှိလို့ ကျောင်းအုပ်ဆရာကြီး ဦးကိုလေး ကိုယ်တိုင် ဦးစီးပြီး သင်ကြားပို့ချခဲ့တယ်။ ပထ၀ီဝင် ဌာနမှူး ဦးသိန်းမောင်နှင့် ရန်ကုန်တက္ကသိုလ် ဘူမိဗေဒပါမောက္ခ Dr.သာလှတို့က ကူညီခဲ့ကြတယ်။ ဒုတိယနှစ်မှာတော့ အိန္ဒိယက ဘူမိဗေဒဘွဲ့ရပညာရှင်များကို ငှားရမ်းပြီး သင်ကြားပို့ချစေခဲ့တယ်။ ၁၉၅၈ခုနှစ်မှာ မန္တလေးကောလိပ်က မန္တလေးတက္ကသိုလ်ဖြစ်လာခဲ့တယ်။ ၁၉၅၉ခုနှစ်မှာ Dr.တင်အေး နိုင်ငံခြားပညာတော်သင်မှ ပြန်ရောက်လာပြီး မကြာခင်မှာဘဲ ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်ခဲ့တယ်။ Dr.သာလှလိုပဲ စစ်ပြီးစမှာ အင်္ဂလန်မှ ပြန်ရောက်လာတဲ့ Dr.ဘသီကတော့ B.G.D ကို ၁၉၄၈ခုနှစ် လွတ်လပ်ရေးရပြီးစမှာ ဦးဆောင်ပြီး ဘူမိဗေဒလေ့လာရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါတယ်။ ၁၉၅၁ခုနှစ်မှာ သတ္ထုရှာဖွေရေးလုပ်ငန်းများ ဆောင်ရွက်ရန် “ဓါတ်သတ္ထုပင်ရင်းအခြေအမြစ်များ တိုးတက်အောင် ဆောင်ရွက်ရေး ကော်ပိုရေးရှင်း” (Mineral Resources Development Corporation (MRDC)) ကို ဘုတ်အဖွဲ့နဲ့ ကြီးကြပ်ပြီး သတ္ထုတွင်းဝန်ကြီးက ဥက္ကဌအဖြစ် ဆောင်ရွက်ခဲ့တယ်။ ICS အရေးပိုင်ဟောင်း ဦးဘထွန်းက အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ပြီး သတ္ထုရှာဖွေရေးလုပ်ငန်းများကို ဦးစောအာလာရစ်က ဦးဆောင်ခဲ့တယ်။ ၁၉၆၃ခုနှစ်မှာ BOC ကုမ္ပဏီကို ပြည်သူပိုင်သိမ်းပြီး ပြည်သူ့ရေနံ (POI) ဟု အမည်ပြောင်းကာ ဦးစန်းမောင်နဲ့ Dr.သာလှရဲ့ တပည့်ဟောင်းဖြစ်တဲ့ Dr.အောင်ခင်တို့က ဦးစီးပြီး လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ခဲ့ပါတယ်။ ၁၉၈၃ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ Dr.F.Bender ရဲ့ “The Geology of Burma” စာအုပ်မှာ မြန်မာနိုင်ငံ အလယ်ပိုင်းမှ ဘူမိဗေဒ အချက်အလက်များ ပြည့်စုံစွာ ပါဝင်ကြောင်း တွေ့ရတယ်။ လယ်ယာနှင့် သစ်တောဝန်ကြီးဌာန လက်အောက်ရှိ ဆည်မြောင်းဦးစီးဌာနမှာလဲ “အင်ဂျင်နီယာ ဘူမိဗေဒ ဌာနခွဲ” (Engineering Geology) ထူထောင်ခဲ့ပါတယ်။ အဲဒီဌာနခွဲကိုလဲ စစ်ပြီးခေတ် ဘူမိဗေဒပညာရှင် ဦးစန်းလွင်က စတင်ဦးဆောင်ပြီး လုပ်ကိုင်ခဲ့ပါတယ်။ နိဂုံး နိဂုံးချုပ်အနေနဲ့ တင်ပြချင်တာကတော့ လက်ရှိအခြေအနေပါဘဲ။ ယခုဆိုရင် သတ္ထုတွင်းဝန်ကြီးဌာန လက်အောက်မှာ BGD နဲ့ MRDC တို့ ပေါင်းစပ်ဖွဲ့စည်းခဲ့ပြီး အဆင့်ဆင့်ပြောင်းလဲ အမည်ပေးခဲ့တဲ့ ဘူမိဗေဒလေ့လာရေးနှင့် ဓါတ်သတ္ထုရှာဖွေရေး ဦးစီးဌာန (DGSE)၊ အမှတ် (၁၊၂၊၃) သတ္ထုတွင်းလုပ်ငန်းများ၊ သတ္ထုတွင်းဦးစီးဌာနှင့် မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း၊ စွမ်းအင်ဝန်ကြီးဌာနမှာ ယခင် BOC မှ ပြောင်းလဲလာခဲ့တဲ့ မြန်မာ့ရေနံနှင့်သဘာဝဓါတ်ငွေ့လုပ်ငန်း (MOGE)၊ လယ်ယာနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ အင်ဂျင်နီယာဘူမိဗေဒဌာနခွဲ၊ စက်မှု(၁) ၀န်ကြီးဌာနမှ စက်မှုကုန်ကြမ်းဌာနခွဲနှင့် အခြားပုဂ္ဂလိက ကုမ္ပဏီများ စသည်တို့က ဘူမိဗေဒပညာရပ်တွေကို စနစ်တကျ ဌာနခွဲ၊ ဌာနစိတ်များ သတ်မှတ်ပြီး အသုံးချနေတာ တွေ့ရတယ်။ ဆောက်လုပ်ရေးဝန်ကြီးဌာနကလဲ သုံးသင့်ပါတယ်။ ပတ်ဝန်းကျင် ထိမ်းသိမ်းစောင့်ရှောက်ရေးနဲ့ ပတ်သက်တဲ့ လုပ်ငန်းရပ်တွေမှာလည်း ဘူမိဗေဒပညာရှင်တွေ ပါဝင်သင့်တယ်။ တက္ကသိုလ်တွေ တိုးချဲ့ထားတယ်။ ခေတ်မှီတဲ့ ပညာရပ်တွေကို ထိထိမိမိ ပို့ချဖို့နဲ့ လက်တွေ့ကို အထူးဦးစားပေးဖို့ တိုက်တွန်းပါကြောင်း တင်ပြရင်း နိဂုံးချုပ်ပါတယ်။ အားလုံးကြွရောက်လာကြတဲ့ ပုဂ္ဂိုလ်အပေါင်းကို ကျေးဇူး အထူးတင်ပါတယ် ခင်ဗျာ။ ။
ဆည်မြောင်းလုပ်ငန်းဆိုသည်မှာ ====================== ဆည်မြောင်းလုပ်ငန်းမှာ ကန္တာရဖြင့်အတိပြီးသော တိုင်းပြည်များနှင့် ပူပြင်းခြောက်သွေ့သော တိုင်းပြည်များအဖို့ ရှေးဟောင်းအနုပညာတစ်ရပ်ဖြစ်ပြီး ယဉ်ကျေးမှုနှင့်အတူ ပေါက်ဖွားတတ်မြောက်လာခဲ့ကြသည့်ပညာရပ်ဖြစ်သည်။ ကမ္ဘာကြီးတစ်ခုလုံးအဖို့မူ ဆည်မြောင်းပညာရပ်သည် အမြဲတစေတိုးတက်နေသောလူဦးရေအတွက် စားနပ်ရိက္ခာလုံလောက်မှုရှိစေရန် အထူးဦးစားပေးလေ့လာနေရသော သိပ္ပံပညာရပ်ဖြစ်သည်။ ကမ္ဘာကြီး၏ ကြီးမားမြောက်မြားလှစွာသော မြေမျက်နှာပြင်ဧရိယာအစိတ်အပိုင်းတို့တွင် ဆည်မြောင်းလုပ်ငန်းများ၏ အထောက်အကူပြုချက်မရရှိပါက အောင်မြင်ဖြစ်ထွန်းသောစိုက်ပျိုးရေး လုပ်ကိုင်ရရှိနိုင်မည်မဟုတ်ပါ။ မြန်မာနိုင်ငံရှိ မြစ်ချောင်းကြီးများသည် လက်များယှက်ထားသကဲ့သို့ တောင်တန်းကြီးများ၏ ကြားတစ်လျှောက် ဖြတ်သန်းစီးဆင်းကြပြီး တောင်တန်းတောအုပ်များသည် အဓိကရေဝေဧရိယာများဖြစ်ကြသည်။ အဆိုပါမြစ်လက်တက်များမှတစ်ဆင့် ရေပေးသွင်းရေးစနစ်များကို ထူထောင်ခဲ့ကြသည်။ ထိုသို့ထူထောင်ရာတွင် ရေသွင်း ဧရိယာများကို ထိန်းသိမ်းလိုသည့်အတွက် ကြောင့်လည်းကောင်း၊ တစ်နှစ်ပတ်လုံး ရေလုံလောက်စွာရရှိရေးအတွက်ကြောင့်လည်းကောင်း၊ ရေကူဆည်များ၊ တူးမြောင်းများ၊ ရေလွှဲဆည်များ၊ ရေထိန်းတံခါးများနှင့် တာတမံများကို အစုအဖွဲ့ဖြင့် ခေတ်အဆက်ဆက်က တည်ထောင်ခဲ့ကြသည်ကို တွေ့ရှိရသည်။ ဆည်မြောင်းလုပ်ငန်းကို စိတ်ဝင်စား ကြသူများသည် ဆည်မြောင်းပညာရပ်ကို လေ့လာလိုက်စားပြီး လုံးဝနားလည်သဘော ပေါက်မှသာ ပြည်သူလူထုသို့ ချပြ၊ တင်ပြသင့်ပါသည်။ ကြားဖူးနားဝဖြင့် မိမိထင်သလို ရေးသားလိုက်လျှင် အပြစ်ဖြစ်နိုင်ပါသည်။ ရေလှောင်တမံများကို ဒီဇိုင်းပုံစံပြုရာတွင် ရေလှောင်တမံ၏ အသုံးပြုနိုင်မည့်ကာလကို အနည်းဆုံး နှစ် (၅ဝ) ကြာ အသုံးချနိုင်ရန် ရည်မှန်းချက်ထား ဆောင်ရွက်ပါသည်။ ရေလှောင်တမံတည်ဆောက်မည့် မြစ်၊ ချောင်းများအတွင်း သဲနုန်းပါဝင်မှုပမာဏကို တည်ဆောက်မည့်နေရာ၏ အထက်ပိုင်းရှိ ရေဆင်း ဧရိယာအကျယ်အဝန်း၊ ရေလှောင်တမံ တည်ဆောက်အသုံးပြုမည့် အချိန်ကာလ အနည်းဆုံး နှစ် (၅ဝ) ကာလတို့နှင့်ဆက်နွှယ်၍ တွက်ချက်မှုများ ဆောင်ရွက်ကာ ရေလှောင် တမံ၏ ရေသေမှတ် (Dead Storage Level)ကို တွက်ချက်သတ်မှတ်ဆောင်ရွက်ပါသည်။ ယင်းရေသေမှတ်အောက်ဘက်တွင်ရှိသော ရေပမာဏကို အသုံးပြုရန်မရည်ရွယ်ဘဲ တမံတည်ဆောက်အသုံးပြုပြီး အနည်းဆုံးနှစ် (၅ဝ) အချိန်ကာလအတွင်း သဲနုန်းများ အနည်ကျ၊ အနည်ထိုင်စေမည်ဟု ခန့်မှန်းတွက်ချက်ထား ရှိပါသည်။ အသုံးပြုရန်ရည်ရွယ်ထားသော ကာလမတိုင်မီ သဲနုန်းအနည်ကျမှုကြောင့် ရေလှောင်တမံကောသွားခြင်း၊ အသုံးမပြုနိုင် တော့ခြင်းမျိုး မြန်မာနိုင်ငံတွင် မရှိသေးပါ။ အချို့ရေလှောင်တမံများဆိုလျှင် နှစ် (၅ဝ) ကျော်သည့်တိုင် ဆက်လက်အသုံးပြုလျက် ရှိသည်ကို တွေ့ရှိရပါသည်။ အကယ်၍ သဲနုန်းပြည့်ခဲ့သည်ရှိသော်လည်း သဲနုန်း တူးဖော်ခြင်းလုပ်ငန်းဆောင်ရွက်ပြီး ဆက်လက် အသုံးပြုသွားနိုင်မည်ဖြစ်ပါသည်။ ဧရာဝတီ၊ ချင်းတွင်းကဲ့သို့သော မြစ်ကြီးများအတွင်းသို့စီးဝင်သည့် ချောင်းကြီး၊ ချောင်းငယ်များအပေါ်တွင် ဆည်တာတမံများ တည်ဆောက်ထားခြင်းဖြစ်ပါ၍ မြစ်များအတွင်း အနည်ကျရောက်စေမှုကို ထိုက်သင့် လျောက်ပတ်သော အခြေအနေအထိ ထိန်းသိမ်းထားနိုင်မှုရှိပါကြောင်းကိုလည်း လေးစားစွာ တင်ပြလိုပါသည်။ ဆည်မြောင်းစကားရပ်သည် အတိုကောက် ခေါ်ဝေါ်ခြင်းဖြစ်ပြီး အရှည်မှာ ဆည်၊ မြောင်း၊ တာ၊ တမံ (Weir, Canal, Embankment, Dam) ဖြစ်ပါသည်။ ရေလှောင်ဆည် ကြီးများဆိုသည့် ဝေါဟာရမရှိပါ။ ရေကာတာ များချိုးဖောက်ခြင်းမဟုတ်ပါ။ ရေလှောင်တမံများ၏ မူလရေအမြင့်ဆုံးသိုလှောင်ရန် သတ်မှတ်ထားသည့် ထုထည်ပမာဏထက်ပို၍ မိုးရွာသွန်းမှုကြောင့်လည်းကောင်း၊ မြစ်ချောင်းများမှ စီးဝင်လာမှုကြောင့်သော်လည်းကောင်း၊ သိုလှောင်နိုင်မှုပမာဏထက် ကျော်လွန်လာသော စီးဝင်ရေများကို တမံခိုင်ခံ့မှုမထိခိုက်စေရန် အလိုအလျောက်ရေကျော်စီးဆင်း ထွက်သွားနိုင်ရေးအတွက် တည်ဆောက်ထားသော အဆောက်အအုံကို ရေပိုလွှဲဟုခေါ်ပါ သည်။ တစ်နည်းဆိုရလျှင် ရေလှောင်တမံမှ သတ်မှတ်ထားသည့် ရေအမြင့်ပေ (R.L) နှင့် သိုလှောင်ရေထုထည်ပမာဏ (Storage Capacity)ထက် ပိုလျှံရေများ တမံအောက် ဘက်သို့ လုံခြုံစိတ်ချစွာကျော်ကျစီးဆင်းသွား နိုင်ရန် ရေလှောင်တမံနှင့် ဆက်နွှယ်တည် ဆောက်ရသော အဆောက်အအုံဖြစ်ပါသည်။ ရေလျှံမှုကြောင့် ရေကာတာများကိုချိုးဖောက် ရခြင်းဆိုသည်မှာ မမှန်ကန်ပါ။ ချိုးဖောက်၍ လည်း မရပါ။ ရေပိုလွှဲမှ ကျော်ကျစီးဆင်း သွားသည့် ရေပမာဏမှာ ရေလှောင်တမံကြောင့် တိုးလာခြင်းလည်းမရှိနိုင်ပါ။ မိုးရွာ သွန်းသည့် ပမာဏအတိုင်းစီးဆင်းသွားခြင်း သာဖြစ်ပြီး ရေလှောင်တမံတည်ဆောက် ထားခြင်းမရှိပါကလည်း အဆိုပါ ရေထု ပမာဏအတိုင်းသာ စီးဆင်းလာမည်ဖြစ်ပါသည်။ နေပြည်တော်ကောင်စီနယ်မြေနှင့် ပြည်နယ်၊ တိုင်းဒေသကြီး ၁၄ ခု အတွင်း တည်ဆောက်ပြီးဆည်၊ ကန်များ၏ ဆည်ရေသောက် လယ်ဧရိယာမှာ စိစစ်ပြီး ၂ ဒသမ ၇၅ သန်း ဧကရှိပြီး ဆည်ရေအပြည့်အဝ ပေးနိုင်ပါ သည်။ တောင်သူလယ်သမားများ စိုက်ပျိုးသည့် ဧရိယာမှာ ၂ ဒသမ ၁၁ သန်းရှိသဖြင့် ၇၇ ရာခိုင်နှုန်းနီးပါး စိုက်ပျိုးကြကြောင်း သိရသည်။ ဆည်ရေသောက် ဧရိယာဟု သတ်မှတ်ရာတွင် ဆည်တမံမှပေးဝေနိုင်မည့် စိစစ်ပြီး ဧကကို ဆိုလိုခြင်းဖြစ်ပြီး တောင်သူလယ်သမားများမှ စိုက်ပျိုးမှုဧကကို အမှန် စိုက်ဧကဟု သတ်မှတ်သည်။ ဆည်ရေပေးဝေနိုင်မှုအတိုင်း တောင်သူများက စိုက်ပျိုးချင်မှ၊ စိုက်ပျိုးနိုင်မှ စိုက်ပျိုးကြမည်သာဖြစ်ပါသည်။ ၁ဝ ရာခိုင်နှုန်းမှာ မဖြစ်နိုင်သည့် ကိန်းဂဏန်းဖြစ်သည်။ ရေလှောင်တမံများကို မြေပြန့်လွင်ပြင် နှင့် မြစ်ဝကျွန်းပေါ်ဒေသတို့တွင် တည်ဆောက်၍မရပါ။ တမံတုတ်နိုင်ရန် မြစ်၊ ချောင်းတစ်ဖက်တစ်ချက်တွင် မြင့်မားသောကမ်းပါးယံရှိရပါမည်။ ရာသီ မရွေးစီးဆင်းနေသည့် ရေအရင်းအမြစ်ရှိရပါမည်။ ဥပမာအားဖြင့် ပဲခူးတိုင်း ဒေသကြီး ပဲခူးမြစ်၏အနောက်ခြမ်းတွင် ရေအရင်းအမြစ်များရှိပြီး ရေလှောင် တမံများတည်ဆောက်ကာ စိုက်ပျိုးရေပေးဝေပါသည်။ ပဲခူးမြစ်၏ အရှေ့ခြမ်း တွင် ပထဝီဝင်အနေအထားအရ မြေနိမ့်လွင်ပြင်ဧရိယျားဖြစ်ခြင်း၊ ပျမ်းမျှ မြေပြင်အနေအထားမှာ နိမ့်မြင့် အမှတ် R.L ၁၃ ပေ ခန့်သာရှိခြင်းတို့ကြောင့် ရေလှောင်တမံ တည်ဆောက်ရန် မဖြစ်နိုင်သဖြင့် အနောက်ခြမ်းမှရေများကို အရှေ့ခြမ်းသို့ပို့ဆောင်နိုင်ရန် ဇောင်းတူ၊ ကိုဒူကွဲ၊ စလူနှင့် ရွှေလောင်းရေလှောင် တမံများတည်ဆောက်ရခြင်းဖြစ်ပါသည်။ ရေလှောင်တမံနှင့် ရေလွှဲဆည်တို့တွင် မိုးရွာသွန်းမှုကြောင့် စီးဝင်လာသောရေများကို ပုံမှန်ဆောင်ရွက်ရမည့် လုပ်ထုံး လုပ်နည်းများ (Rules and Regulation) အတိုင်း ဖွင့်ခြင်း၊ ပိတ်ခြင်းနှင့် ပြုပြင် ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရပါသည်။ ပုံမှန်မဟုတ်သောမိုး (Abnormal Rain) ကြောင့်သာ ရေကြီးရေလျှံမှုကို ခံစားရခြင်းဖြစ်ပါသည်။ ၁၇-၄-၂ဝဝ၁ ရက်နေ့တွင် အောင်မြင်စွာဖွင့်လှစ်နိုင်ခဲ့သော သဖန်းဆိပ် ရေလှောင်တမံသည် မိုးစပါးနှင့် နွေစပါးကို ၂ဝဝ၁-၂ဝဝ၂ ဘဏ္ဍာနှစ်မှ စတင်ပြီး စိုက်ပျိုးရေပေးဝေခဲ့ရာ မိုးစပါးအများဆုံး ၅ ဒသမ ၄ သိန်းကျော်နှင့် နွေစပါး အများဆုံး ၃ ဒသမ ၇ သိန်းခန့် စိုက်ပျိုးနိုင်ခဲ့ပါသည်။ သဖန်းဆိပ်ရေလှောင် တမံ၏ ရေပြည့်မှတ် သိုလှောင်ပမာဏမှာ ဧကပေ ၂၈ ဒသမ ၈ သိန်းရှိပါသည်။ ဝင်ရေကောင်းပြီး ဆည်ရေအပြည့် ဝင်ရောက်သည့် နှစ်များတွင် လျာထားဧက များပြည့်မီသော်လည်း မိုးခေါင်၍ ဝင်ရေနည်းပြီး ရေအပြည့်ဝင်ရောက်ခြင်း မရှိသည့်အခါ စိုက်ပျိုးမြေဧရိယာ အနည်းငယ်ကျဆင်းနိုင်ပါသည်။ တိုင်းဒေသကြီး နှင့် ပြည်နယ် အသီးသီးတို့တွင်ရှိသည့် သဘာဝချောင်း၊ မြောင်းများကို ရန်ပုံငွေ ရရှိမှုပေါ်မူတည်ပြီး တူးဖော်ဆောင်ရွက်ပေးလျက်ရှိပါသည်။ ဧရာဝတီ၊ ချင်းတွင်း စသည့် မြစ်ကြီးများတူးဖော်ရန်မှာ လုပ်ငန်းပမာဏကြီးမားသဖြင့် တူးဖော်သင့်သည့် အချိန်တွင် နိုင်ငံတော်က တူးဖော်ဆောင်ရွက်ရန် စီစဉ်သွားမည်သာဖြစ်ပါသည်။ ဆည်မြောင်းပညာရပ်ဖြင့် ဆောင်းပါးရေးလိုသူတို့သည် ဆည်မြောင်း ပညာရပ်ကို လေ့လာ၊ မေးမြန်းပြီး ဂဃနဏသိရှိမှသာ ရေးသားကြပါရန် လေးစားစွာမေတ္တာရပ်ခံအပ်ပါသည်။ မိမိအထင်အမြင်များကို ရေးသားဖော်ပြ ကြလျှင် အများပြည်သူက အမှားကို အမှန်ထင်မှတ်မှားစေနိုင်ပါသည်။ သို့ဖြစ်ပါ၍ ဤဆောင်းပါးကို ပြည်သူလူထုအမှန်သိရှိနိုင်စေရန် စေတနာ ထားရေးသားတင်ပြလိုက်ရပါသည်။ Credit to ဘုန်းတင်လှိုင်

Wednesday, October 12, 2016

မြန်မာ့ငလျင်ဘေးလျှော့ချရေး သတိထားစရာနှင့် လုပ်ဆောင်စရာ

မြန်မာ့ငလျင်ဘေးလျှော့ချရေး သတိထားစရာနှင့် လုပ်ဆောင်စရာ ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄ ▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲ ဒေါက်တာသိန်း သဘာဝဘေးကြီးမားစွာကျရောက်နိုင်သော နိုင်ငံ ၁ဝ နိုင်ငံအနက် အရှေ့တောင်အာရှမှ သုံးနိုင်ငံပါဝင် ပါသည်။ ယင်းတို့မှာ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နှင့် အင်ဒိုနီးရှားနိုင်ငံ တို့ ဖြစ်ကြသည်။ မြန်မာနိုင်ငံအတွက် အဓိကအားဖြင့် (၁) ငလျင်၊ (၂) မုန်တိုင်း၊ (၃)ရေကြီးခြင်းတို့ကြောင့်ဖြစ်၍ ဘင်္ဂလားဒေ့ရှ် အတွက် အဓိကအားဖြင့် (၁) မုန်တိုင်း၊ (၂) ငလျင်၊ (၃) ရေကြီးခြင်းတို့ ကြောင့်ဖြစ်ပြီး အင်ဒိုနီးရှားအတွက် အဓိကအားဖြင့် (၁) ငလျင်၊ (၂) ဆူနာမီ၊ (၃) မီးတောင်ပေါက်ကွဲခြင်း တို့ကြောင့် ဖြစ်ပါ သည်။ မြန်မာနိုင်ငံအတွက် ဆူနာမီလှိုင်းအန္တရာယ်၊ မြေပြိုတောင်ပြို မှု၊ တောမီးများလောင်မှုတို့ကြောင့် အလတ်စားဘေးများသာ ကျရောက်နိုင်ပါသည်။ မြန်မာနိုင်ငံအတွက် မီးတောင်ဘေးမရှိပါ။ မြန်မာနိုင်ငံသည် အဓိကကမ္ဘာ့ငလျင်ရပ်ဝန်းကြီးနှစ်ခုအနက်မှ တစ်ခုဖြစ်သော အယ်လပိုက်ငလျင် ရပ်ဝန်းတွင် ကျရောက်တည်ရှိနေကြောင်း အများပင် သိရှိထားပြီးဖြစ်သည်။ မြန်မာပြည်၏ ငလျင် အန္တရာယ်မှာ ကြီးမားသော်လည်း ဂျပန်၊ တရုတ်နိုင်ငံတို့၏ အချို့အပိုင်းများ၊ အင်ဒိုနီးရှားနှင့် အီရန်တို့ ထက်ကားလျော့ပါသည်။ အနီးဝန်းကျင်ရှိ တိုင်းပြည်၊ ဒေသကြီး များနှင့် နှိုင်းယှဉ်ကြည့်လျှင် မြန်မာနိုင်ငံ၏ ငလျင်အန္တရာယ်သည် အိန္ဒိယအရှေ့မြောက်ပိုင်းရှိ အာသံပြည်နယ်ထက်နည်း၍ ယူနန်ပြည်နယ်နှင့် တန်းတူလောက်ဖြစ်ကာ ထိုင်းနှင့်မလေးရှားနိုင်ငံတို့ထက်ကားများပါသည်။ စာရေးသူသည် လွန်ခဲ့သည့် ၁ဝ နှစ်အတွင်း သတင်းစာနှင့် ဂျာနယ်များ တွင် မြန်မာနိုင်ငံ ငလျင်ဘေးလျှော့ချရေး အကြောင်း ဆောင်းပါး များ ရေးခဲ့ပါ သည်။ ထို့အပြင် ဟောပြောပွဲများနှင့် အလုပ်ရုံဆွေးနွေးပွဲများကိုပါ လုပ်ပေးခဲ့ပါသည်။ ဤဆောင်းပါး၏ အဓိကရည်ရွယ်ချက်မှာ ငလျင်ဘေး အန္တရာယ်များသော မြန်မာနိုင်ငံတွင် နေထိုင်ကြသော ပြည်သူများအနေဖြင့် ငလျင်ဘေးအန္တရာယ်ကို ပို၍ဂရုစိုက်လာ၍ နေအိမ်တိုက်တာများကို စနစ်တကျ ခိုင်ခံ့အောင်ဆောက်လုပ်ခြင်းစသော လုပ်ငန်းများကို လုပ်ဆောင်လာစေ ရန်ဖြစ်ပါသည်။ ငလျင်ကြီးများမလှုပ်ခဲ့သည်မှာ ကြာသည့်အချက်ကလည်း ပို၍ဂရုစိုက်ကာ ဆောက်လုပ်ကြရန် တွန်းအားဖြစ်ပါမည်။ ယခုဆောင်းပါးတွင် မြန်မာနိုင်ငံ၌ နေရာဒေသများအလိုက် ငလျင် ဘေး ကျရောက်နိုင်ခြေ (earthquake risk) အဆင့်များကို ဖော်ပြ ထားပြီး ငလျင် ဘေးလျှော့ချရေးအတွက် အလေးထား၍ ကြိုတင်ကာကွယ် လုပ်ဆောင်ရ မည့် နည်းလမ်းများနှင့် လုပ်ငန်းများ ၁၅ ရပ်ကို လိုတိုရှင်း ပုံစံဖြင့် ရေးထားပါသည်။ ငလျင်ဘေးများသော ဤနိုင်ငံ မြန်မာနိုင်ငံ တွင် အနာဂတ်၌ ငလျင်ကြီး များ လှုပ်ဦးမည်ဆိုသော အချက်မှာ ယုံမှားသံသယရှိရန် မလိုပါ။ မှတ်တမ်းမှတ်ရာများ ခိုင်လုံသော လွန်ခဲ့သည့်အနှစ် ၁၈ဝ ကာလ အတွင်း မြန်မာပြည်၌ အလွန်ကြီးမားသော ငလျင် (great earthquake) တစ်ကြိမ် (M 8.0)၊ ငလျင်ပမာဏ M 7.0 မှ M 7.9 အတွင်းရှိ ကြီးမားသောငလျင် (major earthquake) (၁၆)ကြိမ်လှုပ် ခဲ့ပြီးဖြစ်သည်။ (မှတ်ချက်။ M မှာ ငလျင်ပမာဏ (earthquake magnitude) အတွက် အတိုကောက်သင်္ကေတဖြစ်၍ မိုးမင့်ပမာဏစကေး (moment magnitude scale) မှ တန်ဖိုးဖြစ်သည်။ ရစ်ခ်ျတာစကေးထက်ပို၍ တိကျကောင်းမွန်သဖြင့် လွန်ခဲ့သည့် ၁၅ နှစ်ခန့်မှစ၍ ယင်းကိုသာအသုံးပြုခဲ့သည်။ ဤ ငလျင်စကေးနှစ်မျိုး၏ ဂဏန်းများသုံး၍ ငလျင်ဒဏ်ခံနိုင်သော အဆောက်အအုံပုံစံများဆွဲ၍မရပါ။ သက်ဆိုင်ရာနေရာများအတွက် တွက်ချက်ဖော်ထုတ် ထားသော မြေတွင်းအပေါ်ပိုင်းငလျင် လှိုင်းသွားအမြင့်ဆုံးအရှိန် (peak ground acceleration-PGA) တန်ဖိုးများကိုသာ အသုံးပြုရပါသည်။) ဤသို့ငလျင်ကြီးများ (၁၇) ကြိမ်လှုပ်ခဲ့သော်လည်း ထိုခေတ်ကာလများက လူဦးရေနည်းပါးမှု၊ တိုက်တာများနည်းပါးပြီး သစ်သားအိမ်များသာများမှု၊ ဓာတ်ဆီ၊ဓာတ်ငွေ့များအသုံးနည်းမှုစသော အကြောင်းများကြောင့် ပျက်စီးသေပျောက်မှု အတော်အသင့်သာဖြစ်ခဲ့ပါသည်။ အများဆုံးပျက်စီးသေ ပျောက်မှုများကို ဖော်ပြရသော် (၁) ၂၃-၃-၁၈၃၉ အင်းဝငလျင် (M 7.3) အတွင်း အမရပူရနေပြည်တော်ရှိ အရေအတွက်မများလှသောအုတ်တိုက် များပြိုပျက်ပြီး လူ ၄ဝဝ ခန့် သေပျောက်ခဲ့မှု၊ (၂) ၅-၅-၁၉၃ဝ ပဲခူးငလျင် (M7.3) အတွင်း တိုက်များပျက်စီးပြိုကျပြီး လူ ၅ဝဝ ခန့် သေဆုံးခဲ့မှုတို့ ဖြစ်ကြသည်။ ပဲခူးငလျင်၏ အဖျားခတ်မှုကြောင့် ငလျင်ဗဟိုချက်နှင့် မိုင် ၄ဝ ခန့်ဝေးသော ရန်ကုန်မြို့တွင် တိုက်အချို့ပြိုကျ၍လူ ၅ဝ ခန့် သေဆုံးခဲ့သည်။ ၅-၅-၁၉၃ဝ ပဲခူးငလျင်ကြီးလှုပ်ပြီး ခုနစ်လခန့်အကြာတွင် မြောက်ဘက် မိုင် ၁ဝဝ ခန့်အကွာရှိ ဖြူးဒေသ၌ (M7.3) ရှိသော ငလျင်ကြီးတစ်ခု လှုပ်ပြန်သည်။ ဤသို့ လှုပ်ပြီးနောက်ပိုင်း ပဲခူးနှင့်ဖြူး တည်ရှိသော စစ်ကိုင်း ပြတ်ရွေ့အပိုင်းတွင် ငလျင်လတ်များနှင့် ငလျင်ကြီးများလှုပ်ရှားမှု ယခုအချိန် အထိ မရှိခဲ့ပေ။ သို့ရာတွင် စစ်ကိုင်းပြတ်ရွေ့ဇုန်၏ မြောက်ပိုင်း တွင်ကား ငလျင်လတ်များနှင့် ငလျင်ကြီးများ ကြိုးကြားကြိုးကြား လှုပ်ခဲ့သည်။ ဥပမာ ၁၉၄၆ တကောင်းငလျင် (M7.5,M7.75)၊ ၁၉၅၆ စစ်ကိုင်းငလျင် (M7.0)၊ ၂ဝ၁၂ သပိတ်ကျင်းငလျင် (M6.8) တို့ ဖြစ်ကြသည်။ အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း ၁၉၃ဝ ခုနှစ်အတွင်းက လှုပ်ခဲ့သော ပဲခူးနှင့် ဖြူးငလျင်ကြီးများနောက်ပိုင်းတွင် ခရမ်း-ပဲခူး-ဖြူးအပိုင်းတွင် ငလျင်လတ်နှင့် ငလျင်ကြီးများ လှုပ်ခတ်မှုမရှိခဲ့သည်မှာ ၈၆နှစ်ခန့် ရှိပါပြီ။ ထို့အပြင် ရမည်းသင်း-သာစည်အပိုင်း တွင် နှစ်တစ်ရာကျော်ကာလအတွင်း ငလျင်လတ်များနှင့် ငလျင်ကြီးများလှုပ်ခဲ့သည့် မှတ်တမ်းများ မရှိပါ။ ထို့ကြောင့် စစ်ကိုင်းပြတ်ရွေ့ဇုန်ရှိ ထိုနှစ်ပိုင်းတွင် မြေသားထုအတွင်း၌ ဒဏ်အား (stress) အတော်ပင်စုနေဖွယ်ရှိပြီး အနာဂတ်အချိန်တစ်ချိန်တွင် ကျိုးပြတ်ကာ ငလျင် ကြီးအချို့လှုပ်နိုင်ခြေရှိပါသည်။ ထို့ကြောင့် အထူးသတိထားကာ ကြိုတင်ပြင် ဆင်ထားရေးလုပ်ငန်းများကို အလေးထားလုပ် ဆောင်ကြရန် လိုအပ်ပါသည်။ ဤသို့ လုပ်ဆောင်ရန် လိုအပ်ခြင်းမှာ ငလျင်အန္တရာယ် များသော မြို့ကြီးများနှင့် မြို့လတ်များတွင် ယခုအခါ လူဦးရေအလွန် တိုးပွားလာမှု၊ အထပ်မြင့် တိုက်ကြီးများအပါအဝင် တိုက်တာအဆောက်အအုံ အမျိုးမျိုးများပြားလာမှု၊ ထိုတိုက်တာများအထဲတွင် စံမမီ၊ မခိုင်ခံ့သော အဆောက်အအုံများ (sub-standard buildings) အတော်အတန်ပါဝင်နေမှု၊ ခုံးကျော်တံတားကြီးများရှိလာမှု၊ ဓာတ်ဆီနှင့်ဓာတ်ငွေ့အသုံးများလာမှုစသော အကြောင်းများကြောင့် ယခင် ငလျင်ကြီးမျိုးများ လှုပ်လျှင်ပျက်စီးသေပျောက် မှုများမှာ ယခင်ကထက် အဆများစွာ တိုးလာမည်ဖြစ်ပါသည်။ ငလျင်ဘေးကျရောက်နိုင်ခြေပြမြေပုံ ယခုပြထားသော မြေပုံကို ဒေါက်တာမျိုးသန့်နှင့် ဤစာရေးသူတို့ ၂ဝ၁၂ ခုနှစ်က ပြင်ဆင်ရေး ဆွဲထားသော မြန်မာနိုင်ငံအတွက် အနှစ် ၅ဝဝ ကာလအတွင်း ငလျင်အန္တရာယ်ဖြစ်နိုင်ခြေအကဲဖြတ်မြေပုံ (PSHA Map) နှင့်စာ ရေးသူရေးသားခဲ့သော စာတမ်းများမှ အချက်အလက် အချို့အပေါ် အခြေခံ၍ ဖြစ်နိုင်ခြေငလျင်ဘေးအဆင့်များကို ခန့်မှန်းပြီး ရေး ဆွဲထားသည်။ စိစစ်စုစည်း ဖော်ထုတ်ချက် (synthesis) ဖြစ်ပါသည်။ ငလျင်အန္တရာယ်ဖြစ်နိုင်ခြေ (probable earthquake hazard)အစား ငလျင်ဘေးကျရောက်နိုင်ခြေ (earthquake risk) ကို ပြသောမြေပုံဖြစ်သဖြင့် နည်းလမ်းသစ်တစ်ခုဟု ဆိုနိုင်ပါသည်။ မြန်မာနိုင်ငံအတွက် ခန့်မှန်းဖော် ထုတ်ထားသော ဖြစ်နိုင်ခြေ ငလျင် ဘေးအဆင့် ငါးဆင့်ကို မြေပုံဖြင့် ဖော်ပြထားပါသည်။ ဤနေရာတွင် ငလျင်အန္တရာယ် (earthqurake hazard) နှင့် ငလျင်ဘေး (earthqurke disaster) တို့ကို ခွဲခြားသိရန် ရှင်းပြလိုပါသည်။ ဒေသ တစ်ခုတွင် ငလျင်အန္တရာယ်ကြီးမားသော်လည်း မြို့လတ်အချို့နှင့် မြို့ငယ် များသာရှိလျှင် ထိုမြို့ရွာများတွင် အလတ်စားငလျင်ဘေးလောက်သာ ကျ ရောက်ပါမည်။ ဥပမာအားဖြင့် စစ်ကိုင်းပြတ်ရွေ့ဇုန်၏ မြောက်ပိုင်းရှိ သပိတ်ကျင်း၊ တကောင်း၊ မိုးညှင်း၊ ဖားကန့်စသည်တို့ဖြစ်သည်။ ငလျင်အန္တရာယ် ကြီးမားသောဒေသများတွင် မြို့ကြီးများနှင့် မြို့လတ်များရှိနေလျှင်ကား ထိုမြို့ များတွင် အကြီးစားငလျင်ဘေးကျရောက် မည်ဖြစ်ပါသည်။ ဥပမာအားဖြင့် စစ်ကိုင်းပြတ်ရွေ့ဇုန်၏တောင်ပိုင်းရှိ ပဲခူး၊ တောင်ငူ၊ နေပြည်တော်၊ သာစည်၊ မန္တလေး၊ စစ်ကိုင်း စသည်တို့ဖြစ်သည်။ ထို့အပြင် မြို့များတည်ရှိရာ မြေသား၏ အပျော့၊ အမာကလည်း ငလျင်ဘေးအဆင့်ကို တိုးစေ၊ လျော့စေနိုင်သည်။ ဥပမာ -မန္တလေးဒေသတွင် ငလျင်ကြီးတစ်ခုလှုပ်သည်ဆိုပါစို့။ မြေပိုပျော့သော မန္တလေးအနောက်ပိုင်းသည် မြေပိုမာသော အရှေ့ဘက်ပိုင်းထက်ပို၍ပျက်စီး မည်ဖြစ်သည်။ ငလျင်ဘေးအဆင့်ပြမြေပုံအတွက် ရှင်းလင်းချက်အကျဉ်းချုပ်ကို မြေပုံနှင့်အတူ ပြထားပါသည်။ ထပ်ဆင့်ရှင်းပြသင့်သော အချက်နှစ်ချက်ကိုသာ အကျဉ်းဖော်ပြပါမည်။ အဆင့် (၅) ပျက်စီးမှုများ ဘေးအဆင့်မှာ မာကယ်လီစကေး (Modified Mercalli Scale) မှ အတန်း ၉ နှင့်အကြမ်းဖျင်းတူညီပါသည်။ ဤအတန်း အတွက် အကျဉ်းဖော်ပြချက်မှာ ခိုင်ခံ့စွာ ဆောက်လုပ်ထားသော အဆောက် အအုံများတွင်ပင် အပျက်အစီးများ၍ အချို့ပြိုကျသည်။ သာမန်အုတ်တိုက် အများစုပျက်စီးပြိုကျသည်။ မြေပြင်တွင် သိသာသော အက်ကွဲကြောင်းများ ဖြစ်ပေါ်သည်။ အဆင့်(၄) အားပြင်းအဆင့်(မာကယ်လီစကေးအတန်း ၈) အတွက် အကျဉ်းဖော်ပြချက်မှာ ခိုင်ခံ့စွာဆောက်လုပ်ထားသော အဆောက်အအုံများ တွင် အတော်အသင့်ပျက်စီးသည်။ သာမန် အုတ်တိုက်များတွင်ကား အပျက် အစီးများသည်။ မြန်မာနိုင်ငံအတွက် ခန့်မှန်းထားသောဖြစ်နိုင်ခြေငလျင်ဘေးအဆင့်လိုက် ကျရောက်သော မြို့ရွာများကို အသေးစိတ်မဖော်ပြတော့ပါ။ ပူးတွဲမြေပုံ တွင် လေ့လာ ကြည့်ရှုနိုင်ပါသည်။ ဘေးအဆင့်မြင့်သော မြို့အချို့ကိုသာ ဖော်ပြပါ မည်။ ငလျင်ဘေးအဆင့်(၅) (ပျက်စီးမှုများဘေးအဆင့်) တွင် ကျရောက်နေ သော မြို့များမှာ ပဲခူး၊ ဖြူး၊ တောင်ငူ၊ နေပြည်တော်၊ ရမည်းသင်း၊ သာစည်၊ ဝမ်းတွင်း၊ မန္တလေး၊ စစ်ကိုင်း စသည်တို့ဖြစ်ကြသည်။ ငလျင်ဘေးအဆင့် (၄) (အားပြင်းဘေးအဆင့်) တွင် ကျရောက်နေသော မြို့အချို့မှာ မိတ္ထီလာ၊ ရွှေဘို၊ သပိတ်ကျင်း၊ မိုးညှင်း၊ မြစ်ဆုံ၊ ဟုမ္မလင်း၊ ခန္တီး၊ မြောက်ဦး၊ ရန်ကုန်၏ အရှေ့ဘက်ဆုံးအပိုင်းစသော မြို့များနှင့် နေရာများဖြစ်ကြသည်။ မြန်မာ့ငလျင်ဘေးလျှော့ချရေး နှစ်ပေါင်းများစွာကပင် ငလျင်ကြိုတင်ခန့်မှန်းချက်များကို အဆင့်မြင့် နည်းလမ်းများအပါအဝင် နည်းလမ်းပေါင်းစုံ (တိရစ္ဆာန်တို့၏ အပြုအမူများ အပါအဝင်) တို့ဖြင့် ကြိုးပမ်းခဲ့သော်လည်း ငလျင်ကြိုတင်ခန့်မှန်းချက်များ ကို မပေးနိုင်သေးပါ။ အနာဂတ်တွင်လည်း ကြိုတင်ခန့်မှန်းရန် မဖြစ်နိုင်သေး ဟု တတ်သိကျွမ်းကျင်သော ပညာရှင်များက ယူဆထားကြသည်။ ငလျင်ကြိုတင်ခန့်မှန်းရန် မဖြစ်နိုင်သေးသော်လည်း အနာဂတ်တွင် မည်သည့်ဒေသ၌ အမြင့်ဆုံးမည်မျှလောက်ပြင်းထန်အားနှင့် လှုပ်နိုင်သည်ဆိုသော အချက်ကိုကား အတော်အတန်မှန် ကန်စွာ ပြောဆိုနိုင် ပါသည်။ ဤအချက်မျိုးများကို ၂ဝ၁၂ နိုဝင်ဘာလတွင် ဒေါက်တာမျိုးသန့်နှင့် စာ ရေးသူတို့ပြင်ဆင်ရေးဆွဲထားသော ''မြန်မာနိုင်ငံ၏ ငလျင် အန္တရာယ်ဖြစ် နိုင်ခြေ အကဲဖြတ်မြေပုံ'' (PSHA Map) တွင် လေ့လာတွေ့ ရှိနိုင်ပါသည်။ (ထိုမြေပုံကို ယခင်ရေးခဲ့သော ဆောင်းပါး အချို့တွင် ဖော်ပြခဲ့ပြီးဖြစ်သည်။) ဤအချက်များကို သိရှိနိုင်သော်လည်း ငလျင်များလှုပ်မည့်ရက်၊လ တို့ကို မဆိုထားနှင့် နှစ်အပိုင်းအခြားကိုပင် သိနိုင်စွမ်းမရှိသေးပါ။ ဤသို့ဖြင့် ငလျင်သည် အစိုးမရဟုဆိုနိုင်ပါသည်။ ငလျင်ဘေးကိုလည်း ရှောင်လွှဲ၍မရပါ။ သို့သော်လည်း လာမည့် ငလျင်ဘေးများကို လျှော့ချရန် အတွက် ကြိုတင် ကာကွယ် လုပ်ဆောင်နိုင်သော နည်းလမ်းများနှင့် လုပ်ငန်းများကား ရှိပါသည်။ (၁၅)ချက် ကို ရွေးထုတ်ကာ ကဏ္ဍသုံးခုခွဲ၍ တင်ပြပါမည်။ ပညာရှင်များ၏ကဏ္ဍ ၁။ ငလျင်အန္တရာယ်များသော မြို့ကြီးများ (ပဲခူး၊ တောင်ငူ၊နေပြည်တော်၊ သာစည်၊ မန္တလေး၊ စစ်ကိုင်း)နှင့် ငလျင်အန္တရာယ် အတော်အတန်ရှိသော မြို့ကြီးများ (ရန်ကုန်၊ တောင်ကြီး) တို့အတွက် အနုစိတ်ငလျင် အန္တရာယ် ဖြစ်နိုင်ခြေ အကဲဖြတ်မြေပုံများ (PSHA Microzone Map) ကို လေ့လာဖော်ထုတ်ရေးဆွဲပေးရန်။ အချို့မြို့ကြီးများ (ရန်ကုန်၊ ပဲခူး၊ မန္တလေး၊ တောင်ကြီး) အတွက်ရှိထားပြီး အနုစိတ်မြေပုံများကို နောက်ထပ် လေ့လာချက်များဖြင့် ထပ်မံရရှိသော အချက်အလက်များကို အသုံးပြု၍ ပြင်ဆင်ရေးဆွဲပေးရန်။ ၂။ ပထမအဆင့်အနေဖြင့် ဆောက်လုပ်ရေးစည်းမျဉ်းများ (Building Code)ကို ရေးဆွဲ၍၊ ဒုတိယအဆင့်အနေဖြင့် ငလျင်ဒဏ်ခံနိုင်မည့် အဆောက်အအုံပုံစံဆိုင်ရာ စည်းမျဉ်းများ (Earthquake-resistant Design Code)ကို ရေးဆွဲပေးရန်။ ၃။ ပြည်သူလုထုအတွက် ငလျင်နှင့် ဆူနာမီဘေးအန္တရာယ် ဆိုင်ရာ ဆောင်ရန်၊ ရှောင်ရန်ပညာပေးလုပ်ငန်းများကို စာနယ်ဇင်း၊ ရုပ်သံ လွှင့်၊ ဟောပြောပွဲ၊ ပြပွဲ၊ ရက်တိုသင်တန်း၊ အလုပ်ရုံဆွေးနွေးပွဲတို့ဖြင့် အခါအားလျော်စွာ ပြုလုပ်ပေးရန်။ ပြည်သူများ၏ကဏ္ဍ ၁။ အရေးကြီးဆုံးမှာ ငလျင်အန္တရာယ်များသော (သို့မဟုတ်) အတော်ပင် ရှိသော မြို့ရွာဒေသများတွင် သားစဉ်မြေးဆက် အသက် အိုးအိမ်လုံခြုံရေးကို အလေးထား၍ ပြည်သူများ အနေဖြင့် နေအိမ် တိုက်တာများကို အသိ၊ သတိဥာဏ်နှစ်ဖြာဖြင့် ခိုင်ခံ့အောင် ဆောက်လုပ်ကြရန်၊ ခိုင်ခံ့မှုကို ပထမထားပြီး လှပမွမ်းမံမှုကို ဒုတိယထား၍ ဆောက်လုပ်သင့်ပါသည်။ မိမိတို့နှင့် တွဲဖက်ဆောက်လုပ်သော ကန်ထရိုက်တိုက်များကိုပါ စစ်ဆေးကြည့်ရှုပေးရန် လိုပါမည်။ ၂။ မိမိတို့၏နေအိမ် တိုက်တာများသည် အိုဟောင်းပြီး ခိုင်ခံ့မှုနည်းပါး နေပါက ဖြိုဖျက်၍ အသစ်ဆောက်လုပ်ရန်။ အခြေအနေသင့်သေးပါက အင်ဂျင်နီယာများ၏အကူအညီဖြင့် အားဖြည့်ပြင်ဆင်မှုများ (retrofitting)ကို ပြုလုပ်ကြရန်။ ၃။ တတ်နိုင်သလောက် ငလျင်အာမခံထားရန် (အထူးသဖြင့် စက်ရုံ၊ အလုပ်ရုံ၊ အထပ်မြင့်တိုက်များအတွက်) အစိုးရ၏ကဏ္ဍ ၁။ ပညာရှင်များရေးဆွဲတင်ပြလာသော ဆောက်လုပ်ရေးစည်းမျဉ်းများနှင့် ငလျင်ဒဏ်ခံနိုင်သော အဆောက်အအုံပုံစံဆိုင်ရာ စည်းမျဉ်း များကိုအတည်ပြု ပြဋ္ဌာန်းပေးရန်နှင့် လိုက်နာလုပ်ဆောင်ရန်အတွက် နည်းဥပဒေများကိုပါ ပြဋ္ဌာန်းပေးရန်။ ၂။ အများပြည်သူသုံးဆေးရုံများ၊ ကျောင်းများ၊ ရုံးများ၊ ခန်းမကြီးများ၊ အားကစားကွင်းကြီးများ၊ အထပ်မြင့်တိုက်ကြီးများ၊ ကွန်ဒိုတိုက်ကြီး များ၊ တံတားကြီးများနှင့် ဆည်ကြီးကို ဒေသအလိုက် ခံရဖွယ်ရှိသော ပြင်းထန် အားကို ခံနိုင်မည့်ပုံစံများဖြင့် စနစ်တကျ၊ စံချိန်စံညွှန်းမီအောင် ဆောက် လုပ်ပေးရန်။ ဤသို့ ဆောက်လုပ် စေရန်အတွက် စစ်ဆေးရေးအဖွဲ့များဖြင့် ကြပ်မတ်စစ်ဆေးပေးရန်။ ၃။ ငလျင်အန္တရာယ်များသော၊ ရှိသောမြို့ကြီးများ (ဥပမာ ပဲခူး၊ မန္တလေး၊ ရန်ကုန်)တွင် အရေအတွက်အားဖြင့် အတော်အတန်ရှိသော စံမမီ၊ မခိုင်ခံ့သော အဆောက်အအုံများ (sub-standard buildings) (ဥပမာ-ဟောင်ကောင်လွှာထပ်မြင့်တိုက်အချို့)၊ အိုမင်းဆွေးမြည့် နေသောတိုက်များကို ကျွမ်းကျင်အင်ဂျင်နီယာများဖြင့် လိုက်လံ ကြည့်ရှုစစ်ဆေးရန်၊ အခြေအနေဆိုးသော အဆောက်အအုံများ ကို ဖြိုဖျက်၍ အသစ်ဆောက်လုပ်စေရန်နှင့် အခြေအနေသင့်သော အဆောက်အအုံများတွင် အားဖြည့်ပြင်ဆင်မှုများ ပြုလုပ်စေရန်။ ၄။ ငလျင်ကြီးများလှုပ်စဉ် ဖြစ်တတ်သော နေရာအနှံ့မီးလောင်မှုများကို ငြှိမ်းသတ်ရန် လူအင်အား၊ ပစ္စည်းအင်အားတို့ကို လုံလောက်စွာ ကြိုတင်ထားရှိရန်။ ၅။ ရှာဖွေကယ်ဆယ်ရေးနှင့် ကူညီပံ့ပိုးရေးလုပ်ငန်းများကို ထိရောက်ကောင်းမွန်စွာ လုပ်ပေးနိုင်ရေးအတွက် ကြိုတင်ဖွဲ့စည်းထားသော ခရိုင်အဆင့် ဘေးဒုက္ခစီမံဆောင်ရွက်ရေးလုပ်ငန်းအဖွဲ့များ (Disaster Management Taskforces) က ထိရောက်လက်တွေ့ ကျမည့် ကြိုတင်ပြင်ဆင်မှုများနှင့် အစီအမံများ ချမှတ်ထားရန်။ (ထိုလုပ်ငန်းအဖွဲ့များသည် မည်ကာမတ္တမဟုတ်ဘဲ တကယ်တမ်း သဘာဝဘေးအန္တရာယ် ကျရောက်လာလျှင် စီမံလုပ်ဆောင်နိုင်သော အဖွဲ့များဖြစ်ရန်လိုပါသည်။) ၆။ အိန္ဒိယသမုဒ္ဒရာ ဆူနာမီသတိပေးစနစ်အစီအစဉ်တွင် ဆက်လက် ပါဝင်ပူးပေါင်းလုပ်ဆောင်ရန်နှင့် မြန်မာ့ကမ်းရိုးတန်းဒေသများအတွက် လျင်မြန်ထိရောက်မည့် အချိန်မီဆူနာမီသတိပေးစနစ် ထူထောင်ထားရန်။ ၇။ ငလျင်ကြီးများလှုပ်ပြီးနောက် နာရီပိုင်း (သို့မဟုတ်) ရက်ပိုင်း အတွင်း နောက်ဆက်တွဲငလျင်များ (after shocks) လှုပ်လေ့ရှိသဖြင့် လိုအပ်ပါက ငလျင်အန္တရာယ်ဆက်ရှိနေသေးကြောင်း သတိပေးချက်များ ထုတ်ပြန်ရန်။ ၈။ ဆူနာမီလှိုင်းများနှင့် မုန်တိုင်း၊ ဒီလှိုင်းကြီးများ(storm surge) ၏ဘေးမှ အတော်ပင်အကာအကွယ်ပေးနိုင်သော ဒီရေတောများ (လမုတောများ) ကို တောပြုန်းတီးပြီး ရွာများရှိသည့်နေရာများ၌ ဦးစားပေး၍ ပြန်လည် စိုက်ပျိုးပေးရန်။ (ဒီရေတောပြုန်းတီးမှုမှာ အလွန်များပြီး ရာခိုင်နှုန်း ၂ဝ အောက်သာကျန်သည်ဟု ခန့်မှန်းထားကြသည်။) ၉။ ငလျင်ဘေးအန္တရာယ်များသော မြန်မာပြည်တွင် ငလျင်ပညာရှင်များ (earthquake seismologists) နှင့် ငလျင်အင်ဂျင်နီယာများ (earthquake engineers) ဆယ်ဂဏန်းစီခန့်သာရှိသဖြင့် ထိုပညာရပ်များတွင် အဆင့်မြင့်သော ဂျပန်နိုင်ငံသို့ ပညာသင်များ (အနည်းဆုံး ၁ဝ ဦးစီ)ကို ဦးစားပေးစေလွှတ်ရန်။

မြေထုပါကျောက်အမျိုးအစားကြီးများနှင့်၎င်းတို့၏ဂုဏ်သတ္တိများ

#မြေထုပါကျောက်အမျိုးအစားကြီးများနှင့်၎င်းတို့၏ဂုဏ်သတ္တိများ ပညာရေးဝန်ကြီးဌာန၊ အထက်တန်းပညာဦးစီးဌာန၊ ဘူမိရုပ်သွင်ပညာပို့ချချက်များစာအုပ်မှ ကူးယူဖော်ပြပါသည်။ ပညာရှင်အချို့က ကမ္ဘာ့မြေထုပါ ကျောက်များကို (၁) မပျက်မစီးရှိနေသည့်ပုံဆောင်ခဲကလေးများဖြင့်ပြီးသည့် ပုံဆောင်ကျောက်များ (crystalline rocks) (၂) ၄င်းကျောက်များကြေမွပျက်စီးပြီးနောက် အဆိုပါကျောက်များ၏ အပိုင်းအစများ စုစည်းမိခြင်းကြောင့် ဖြစ်ပေါ်လာသော ခပေါင်းကျောက်များ (clactic rock) ဟု ခွဲခြားခဲ့သည်။ ပုံဆောင်ကျောက်များအနက် အချို့သည် မြင့်မားသောအပူချိန် အကူအညီဖြင့် ပေါ်ထွန်းလာသည်။ ဥပမာအားဖြင့် ချော်ကျောက်ဖြစ်သည်။ အချို့မှာမြင့်မားသောအပူချိန်နှင့်ဖိအားအကူအညီဖြင့်ပေါ်ထွန်းလာသည်။ ဥပမာအားဖြင့် နှမ်းဖတ်ကျောက် (Granite) ဖြစ်သည်။ ကွဲပြားခြားနားသော ပုံဆောင်ကျောက်များ ဖြစ်ပေါ်မှုတွင့် မြင့်မားသောအပူချိန်နှင့်ဖိအားအပြင် ဓါတ်သဘာဝဖွဲ့စည်းမှုလည်း အရေးပါတတ်၏။ မြင့်မားသောအပူချိန်အကူအညီမယူဘဲ ဖြစ်ပေါ်လာသောပုံဆောင်ကျောက်များလည်းရှိသေး၏။ ပုံဆောင်ထုံးကျောက် (crystalline limestone) အချို့သည် မြင့်မားသော အပူချိန်အကူအညီမယူဘဲ ဖြစ်ပေါ်လာခဲ့သည်။ ထိုကျောက်များတွင် ရေတွင်ပျော်ဝင်နေသည့် ထုံးဓါတ်များ ပုံဆောင်ခဲကလေးများအနေဖြင့် အနည်ထိုင်သောကြောင့် ဖြစ်ပေါ်သည်။ ကျောက်များကို (၁) မြင့်မားသောအပူချိန်အကူအညီဖြင့် ဖြစ်ထွန်းလာသော မီးသင့်ကျောက်များ (Igenous Rocks) (၂) ကြေပျက်နေသည့် ကျောက်အပိုင်းအစများအနည်ထိုင်ခြင်းကြောင့် ဖြစ်ပေါ်လာသော အနည်ကျကျောက်များ (Sedimentary Rocks) (၃) ဖော်ပြပါကျောက်များ၏ သွင်ပြင်နှင့်အခြေအနေပြောင်းလဲခြင်းကြောင့် ဖြစ်ပေါ်လာသော အသွင်ပြောင်းကျောက်များ (Metamorphic Rocks) ဟုလည်း ခွဲခြားနိုင်သေးသည်။ မီးသင့်ကျောက်များ ဖြစ်ပေါ်မှုသည် မြင့်မားသော အပူချိန် သို့မဟုတ် မြင့်မားသောအပူချိန်နှင့်ဖိအား အကူအညီဖြင့် ပုံဆောင်ခဲအသစ်များပေါ်ထွန်းမှုနှင့် စပ်လျဉ်းသည်။ ဖြစ်ပေါ်လာသောပုံဆောင်ခဲ အရွယ်ပမာဏသည် ၄င်းတို့ဖြစ်ပေါ်နေစဉ် အပူချိန်ကျဆင်းမှုလျင်မြန်နှုန်းအပေါ် အမှီသဟဲပြုသည်။ အပူချိန်ကျဆင်းမှုလျင်မြန်နှုန်း ပိုနိမ့်လေ ပုံဆောင်ခဲပမာဏ ပိုကြီးမားလေဖြစ်သည်။ အပူချိန်ကျဆင်းမှု လျင်မြန်နှုန်း အလွန်ကြီးမားလျှင် ပုံဆောင်ခဲများမဖြစ်ပေါ်လာနိုင်တော့ပဲ ကျောက်၏အသားမှာ ဖန်သားကဲ့သို့ဖြစ်လာ၏။ မီးသင့်ကျောက်အချို့နှင့်အနည်ကျကျောက်အချို့သည် ဖိအားကြီးမားသည့် မြေထုအတွင်းပိုင်းတွင် ပူလောင်နေသောကျောက်ရည်များနှင့်တွေ့ထိမှုကြောင့် သို့မဟုတ် နီးစွာရှိမှုတို့ကြောင့် သူတို့တွင် ယခင်ရှိခဲ့သော ပုံဆောင်ခဲများနှင့်ကွဲပြားခြားနားသော ပုံဆောင်ခဲအသစ်များ ဖြစ်ပေါ်လာပြီး သူတို့၏အသွင်သဏ္ဍာန်လည်းပြောင်းလဲသွားသည်။ ထိုသို့အားဖြင့် အသွင်ပြောင်းကျောက်များဖြစ်ပေါ်လာသည်။ ဥပမာ - ထုံးကျောက် (limestone) အသွင်ပြောင်းခြင်းဖြင့် စကျင်ကျောက် (marble)၊ ယှေလကျောက် (Shale) အသွင်ပြောင်းခြင်းဖြင့် ဝေဘူကျောက် (Schist)၊ နှမ်းဖတ်ကျောက် (Granite) မှ လိပ်သည်းကျောက် (Gneiss) စသဖြင့် အသွင်ပြောင်းနိုင်ပါသည်။ ကျောက်များအသွင်ပြောင်းမှုသည် အတော်ကြီးမားသောအနက်များတွင် ကျယ်ဝန်းစွာ ဖြစ်နိုင်သည်။ တနည်းအားဖြင့်ဆိုသော် ဒေသအလိုက်အသွင်ပြောင်းမှုများဖြစ်နိုင်သည်။ ကျောက်များအသွင်ပြောင်းမှုသည် ကျောက်လွှာတွန့်ခေါက်ပြတ်ရွှေ့သည့် နေရာများတစ်လျှောက်တွင်လည်း ဖြစ်တတ်၏။ ဖိအားအလွန်ကြီးမားပြီး အပူချိန်လည်းအလွန်မြင့်မားသည့် ကမ္ဘာ့မြေထု၏အနက်ပိုင်းနေရာများတွင် ဝေဘူကျောက်မှသည် နှမ်းဖတ်ကျောက်အဖြစ်သို့ ပြန်လည်အသွင်ပြောင်းသွားနိုင်ပေသည်။ အဆိုပါနေရာများတွင် အနည်ကျကျောက်များပင်လျင် မီးသင့်ကျောက်များအဖြစ်သို့ပြောင်းလဲသွားနိုင်သည်။ ထို့ကြောင့် အထက်တွင်တင်ပြခဲ့သည့် ကျောက်များသည် သင့်လျော်သော အခြေအနေများရှိလျှင် တစ်မျိုးမှတစ်မျိုးသို့ ပြောင်းလဲသွားနိုင်သည်ဟု ဆိုနိုင်ပါသည်။ ယေဘုယျအားဖြင့်ပြောရသော် အနည်ကျကျောက်များအောက်တွင် အသွင်ပြောင်းကျောက်များရှိတတ်ပြီး အသွင်ပြောင်းကျောက်များအောက်တွင် မီးသင့်ကျောက်များရှိတတ်၏။ သို့သော်နေရာတော်တော်များများတွင် အနည်ကျကျောက်များကို မီးသင့်ကျောက်များထိုးဖြတ်ပြီး မြေမျက်နှာပြင်အရောက် တည်ရှိနေတတ်သည်။ သာဓကများကို ကနေဒီယန်ဒိုင်းဒေသ၊ ဘရာဇီလျန်ကုန်းမြင့်ဒေသ၊ အာဖရိကဗဟိုပိုင်း၊ ဘောလတစ်ဒေသ၊ အာရှာအရှေ့မြောက်ပိုင်း၊ အိန္ဒိယကျွန်းဆွယ်ဒေသ၊ သြစတြေလျအနောက်ပိုင်းတွင် ကျယ်ဝန်းစွာတွေ့မြင်နိုင်သည်။ ကမ္ဘာ့မြေထုရှိကျောက်အများစုသည် ဆီလီကွန် (Silicon) အောက်ဆီဂျင်ဒြပ်ပေါင်းများ (၀ါ) ဆီလီကိတ်များအနေဖြင့် ရှိဟန်တူသည်။ မြေထုမျက်နှာပြင်အနီးရှိသည့် ဆီလီကိတ်တွင်းထွက်များကို ဓါတ်သဘာဝဖွဲ့စည်းမှုနှင့်သိပ်သည်းမှု (တနည်းဆိုရသော် အလေးချိန်) အပေါ်အမှီသဟဲပြု၍ နှစ်မျိုးခွဲခြားနိုင်သည်။ ဆီလီကာ (Silica) နှင့် အလူမီနာ (Alumina) ပါနှုန်းမြင့်ပြီး ပိုပေါ့ပါးသည်များကို ဆီအယ်တွင်းထွက်များဟုခေါ်တွင်ပြီး ဆီလီကာနှင့်မဂ္ဂနီဆီယမ်ပါနှုန်းမြင့်၍ ပိုလေးသည်များကို ဆီမာတွင်းထွက်များဟုခေါ်သည်။ ဆီအယ်တွင်းထွက်များဖြင့်ဖွဲ့စည်းသောကျောက်များ (၀ါ) ဆီအယ်ကျောက်များသည် အက်ဆစ်ကျောက်များ (acid rocks) ဖြစ်ပြီး၊ ဆီမာတွင်းထွက်များဖြင့်ဖွဲ့စည်းထားသောကျောက်များမှာ ဗေ့စစ်ကျောက်များ (basic rocks) ဖြစ်သည်။ ဆီအယ်ကျောက်များသည် ဆီမာကျောက်များထက်အရောင်အဆင်းပို၍ဖျော့တော့တတ်၏။ ဆီအယ်ကျောက်များသည် ဆီမာများမှခွဲထွက်လာခဲ့ဟန်တူသည်။ ဆီအယ်ကျောက်များအနက် အထင်ရှားဆုံးမှာ နှမ်းဖတ်ကျောက်ဖြစ်၍ ဆီမာကျောက်များအနက် အထင်ရှားဆုံးမှာ ဗဆော့ကျောက် (Basalt) ဖြစ်၏။ အချို့သောအရပ်များတွင် သာမန်ဗဆော့ကျောက်များထက် ပိုသိပ်သည်းလေးလံသော ဒန်းနိုက်ကျောက်များ (dunite)၊ ပြောင်ခေါင်းစိမ်းကျောက်များ (peridotite)၊ နှင့် အက်ကလိုရိုက်ကျောက် (eclogite) ကို တွေ့ရှိနိုင်ပါသည်။ ၄င်းကျောက်များသည် မီးတောင်လှုပ်ရှားမှု၊ မြေလွှာရွေ့လျားမှုကြီးများနှင့်စပ်လျဉ်း၍ ကမ္ဘမြေထုမျက်နှာပြင်နှင့် အတော်အလှမ်းဝေးသည့် အနက်ပိုင်းမှရောက်ရှိလာခဲ့ဟန်တူ၏။ ကမ္ဘာ့အချို့သောအရာများသည် အရည်လည်းလုံးလုံးလျားလျားမဟုတ်၊ အခဲလည်းလုံးလုံးလျားလျားမဟုတ်သည့် အခြေအနေတွင် ရှိနေသည်။ ဥပမာ ပစ်ချကတ္တရာ၊ ချိပ် (Sealing wax)၊ ဖယောင်းတို့ဖြစ်၏။ ၄င်းတို့အပေါ်တွင် ဖိအားကို လျင်မြန်စွာသုံးလိုက်လျှင် ၄င်းတို့သည် အခဲကဲသို့ဖြစ်နေပြီး၊ ဖိအားကို နှေးကန်စွာနှင့်ကြာရှည်စွာသုံးလိုက်လျှင် ၄င်းတို့သည် အရည်ကဲ့သို့ဖြစ်နေပြန်၏။ ကမ္ဘာ့အတွင်းပိုင်းရှိကျောက်များသည်လည်း အလွန်ရှည်လျားသော အချိန်တာရှု့ထောင့် (၀ါ) ဘူမိဗေဒအချိန်တာရှု့ထောင့်မှ ကြည့်ရှု့လျှင် အခဲအခြေအနေနှင့်အရည်အခြေအနေကြား စပ်ကူးအခြေအနေတွင် ရှိနေသည်ဟု ယူဆနိုင်၏။ တနည်းဆိုရသော် စီးသွားနိုင်သည်ဟု ဆိုကြ၏။ ဘူမိဗေဒအချိန်တာတလျှောက်တွင် ပိုပေါ့ပါးသော ဆီအယ်ကျောက်များသည် ပိုလေးလံသောဆီမာကျောက်များပေါ်သို့ ဆီသည်ရေအပေါ်သို့ရောက်ရှိသည့်နည်းအတိုင်း ခွဲထွက်ရောက်ရှိနိုင်သည်ဟုလည်း ဆိုကြသေး၏။ ကမ္ဘာ့မြေထုအတွင်းပိုင်းရှိအချို့သောနေရာများတွင် ကျောက်လွှာများတွန့်ခေါက်မှုကြောင့် ဖိအားအလွန်လျော့နည်းသွားနိုင်သည်။ ထိုသို့သောနေရာများတွင် ကျောက်များ၏ ရည်ပျော်မှတ် (melting point) နိမ့်ကျသွားပြီး ကျောက်အချို့ အခဲအဖြစ်မှ အရည်အဖြစ်သို့ပြောင်းသွားနိုင်သည်။ ထိုသို့ဖြစ်ပေါ်လာသော ကျောက်ရည်များအနက် အချို့မြေမျက်နှာပြင်သို့ချော်ရည်အဖြစ်ဖြင့်ရောက်ရှိနိုင်သည်။ အချို့မှာမြေမျက်နှာပြင်အနီး ခဲသွားခြင်းဖြင့် နှမ်းဖတ်ကျောက်နှင့်အလားတူမီးသင့်ကျောက်များ ပေါ်ထွန်းလာနိုင်၏။ ကမ္ဘာ့မြေထုတစ်ခုလုံး၏ ပျမ်းမျှတောင့်တင်းနှုန်းမှာ ဖိအားကိုလျင်မြန်စွာအသုံးပြုသည့်ရှု့ထောင့်မှကြည့်လျှင် သံမဏိလုံး၏တောင့်တင်းမှုနှုန်းမျှသာရှိသည်ဟုဆိုနိုင်သည်။ (ဘူမိရုပ်သွင်ပညာပို့ချက်ချက် အတွဲ ၁၊ သင်ရိုးအမှတ် ၄၀၁ မှ အခန်း ၅ ကမ္ဘာ့မြေထုအအုံအဖွဲ့ စာမျက်နှာ ၆၃ မှ ၆၈ ထိ ဖော်ပြချက်များဖြစ်ပါသည်)

ဘူမိဗေဒကောင်းတစ်ဦးတွင်ရှိရမည့်အရည်အချင်းများ

#ဘူမိဗေဒကောင်းတစ်ဦးတွင်ရှိရမည့်အရည်အချင်းများ (သတ္တုတွင်းဝန်ကြီးဌာန Ministry of Mine ဘူမိဗေဒလေ့လာရေးနှင့်ဓါတ်သတ္တုရှာဖွေရေးဦးစီးဌာန ကွင်းဆင်းလုပ်ငန်းများညွှန်ကြားချက်လက်စွဲ စာအုပ် 1984 မှ ကူးယူဖော်ပြထားပါသည်) ဘူမိဗေဒကောင်းတစ်ဦးတွင်ရှိရမည့်အရည်အချင်းများ ၁။ ကိုယ်ခန္ဒာကြံခိုင်သန်စွမ်းခြင်း (A Strong Physique) ၂။ ရေမြေတောတောင်သဘာဝကိုမြတ်နိုးချစ်ခင်တတ်မှုနှင့်အသိပညာ (Knowledge and love of nature and outdoor life) ၃။ လိုက်လျောညီထွေနေတတ်ခြင်း (Adaptability) ၄။ အခြေခံလေ့ကျင့်သင်ကြားမှုနှင့်ကွင်းဆင်းအတွေ့အကြုံ (Basic Training and Experience) ၅။ ကြိုတင်စီမံမှုနှင့်အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှု (Planning and Executive Ability) ၆။ အဆင်ပြေစွာပေါင်းသင်းဆက်ဆံတတ်မှု (Diplomacy and Tact) ၁။ ကိုယ်ခန္ဒာကြံခိုင်သန်စွမ်းခြင်း (A Strong Physique) ကွင်းဆင်းလုပ်ငန်းသည် ကာယအားဥာဏအားပါ စိုက်ထုတ်ကြိုးပမ်းရသောလုပ်ငန်းဖြစ်ပြီး ခက်ခဲကြမ်းတမ်းသော နယ်မြေတွင် ဆောင်ရွက်လုပ်ကိုင်ကြရသည် ဖြစ်သောကြောင့် လမ်းလျှောက်ခြင်း၊ တောင်တက်ခြင်း စတဲ့ ကာယအား စိုက်ထုတ်ဆောင်ရွက်ရန်လိုအပ်သော လုပ်ငန်းဖြစ်ပါသည်။ ထို့ကြောင့် ပင်ပန်းနွမ်းနယ်မှုကို ခံနိုင်ရည်ရှိပြီး လျင်မြန်စွာ ပြန်လည်အားဖြည့်နိုင်ရန် အထူးလိုအပ်ပါသည်။ သို့မဟုတ်ပါက ကွင်းဆင်းဝန်ထမ်းသည် မိမိ၏လုပ်ငန်းတွင် စိတ်အားထက်သန်မှု ယုတ်လျှော့သွားမည်မှာ သေခြာပြီး ကြည့်မြင်လေ့လာနားလည်နိုင်စွမ်းအားမှာလည်း အလျင်အမြန်လျော့နည်းသွားမည်သာ ဖြစ်လေသည်။ ထိရောက်မှုရှိသော ကွင်းဆင်းလုပ်ငန်းဖြစ်ရန် မလျော့သောလုံ့လ၊ မလျော့သောစိတ်ဝင်စားမှုနှင့် အသေးစိတ်အချက်အလက်များကို ဂရုပြုတတ်မှုတို့ဖြင့် အဆက်မပြတ်လှုပ်ရှားဆောင်ရွက်နိုင်ရပါမည်။ ၂။ ရေမြေတောတောင်သဘာဝကိုမြတ်နိုးချစ်ခင်တတ်မှုနှင့်အသိပညာ (Knowledge and love of nature and outdoor life) ဘူမိဗေဒပညာရှင်များသည် ကွင်းဆင်းလုပ်ငန်းများ၏ဆောင်ရွက်ချက်တရပ်မှာ ရုံးခန်းနှင့်ဓါတ်ခွဲခန်းများမှာကဲ့သို့ နေ့စဉ်လုပ်ငန်းများတွင် နစ်မြုပ်မနေဘဲ၊ သဘာဝပတ်ဝန်းကျင်တွင် လွပ်လပ်စွာလုပ်ငန်းများ ဆောင်ရွက်ကြရခြင်းပင် ဖြစ်လေသည်။ သဘာဝပတ်ဝန်းကျင်ကို စိတ်ဝင်စားမှုရှိသူတစ်ယောက်အဖို့ ကွင်းဆင်းလုပ်ငန်းများသည် မည်သည့်အခါမှ ငြီးငွေ့ဖွယ်ဖြစ်မည်မဟုတ်ချေ။ တွေ့ကြုံရသောအခြေအနေတိုင်းသည် ဘူမိဗေဒနှင့်တိုက်ရိုက်သက်ဆိုင်သည်ဖြစ်စေ၊ မသက်ဆိုင်သည်ဖြစ်စေ စိတ်ဝင်စားဖွယ်အတွေ့အကြုံအသစ်တစ်ခုကို ပေးသည်ချည်းသာ ဖြစ်လေသည်။ လူနေထူထပ်သောဒေသတွင် ကွင်းဆင်းလုပ်ငန်းလုပ်ဆောင်ရသောအခါတွင်မူ အဆင်မပြေမှုလေးများနှင့်တွေ့ကြုံရတတ်ပြီး၊ ဝေးလံသောလူသူမနီးသော တောတောင်များကြားတွင် ဆောင်ရွက်ရသောအခါတွင်မူ အရာရာတိုင်းကို ကိုယ့်အားကိုယ်ကိုးဆောင်ရွက်ရန်များစွာ အရေးကြီးလေသည်။ ကွင်းဆင်းရာဒေသအခြေအနေပေါ်မူတည်ပြီး ရေကူးတတ်ခြင်း၊ မော်တော်ယာဉ်များကို ပြုပြင်တတ်ခြင်းစသည့် အသိပညာများသည် လုပ်ငန်းကို အောင်မြင်ချောမွေ့စေသည်။ ထိုပြင် သေနတ်လက်နက်များကို ပစ်တတ်ခြင်း ရှေးဦးသူနာပြုစုခြင်းနှင့် အိမ်သုံးဆေးများသည် တဦးခြင်းဘေးအန္တရာယ်ကင်းရှင်းရေးအတွက် လိုအပ်ပေသည်။ ၃။ လိုက်လျောညီထွေနေတတ်ခြင်း (Adaptability) ဘူမိဗေဒလုပ်ငန်းများကို နေရာဒေသအမျိုးမျိုးတွင် သွားရောက်လုပ်ကိုင်ရသဖြင့် လူအမျိုးမျိုးနှင့် နေထိုင်ဆက်ဆံရသောကြောင့် လိုက်လျောညီထွေ နေထိုင်တတ်ရန် အထူးပင်လိုအပ်ပေသည်။ ကွင်းဆင်းရာတွင် ကွင်းဆင်းဒေသရှိ ဒေသခံတိုင်းရင်းသား လုပ်သားပြည်သူတို့၏ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ၊ ဘာသာနှင့် အယူဝါဒတို့ကို လေးစား၍ ပြေပြစ်စွာဆက်ဆံတတ်ပြီး တစ်ဦးကိုတစ်ဦးနားလည်မှုဖြင့် ချစ်ခင်ရင်းနှီးမှုကို ထူထောင်နိုင်ရမည်။ အထူးသဖြင့် မဖွံ့ဖြိုးသေးသော တောင်တန်းဒေသများတွင်လုပ်ငန်းဆောင်ရွက်ကြရသောအခါ မလွှဲမရှောင်သာ တွေ့ကြုံရသော ဆင်းရဲဒုက္ခများကို ကြီးမားသောသဘောထား၊ ကောင်းမြတ်သောစိတ်ထားဖြင့် ရွှင်ပြစွာလက်ခံနိုင်စွမ်းရှိရမည်။ လုပ်ငန်းဆောင်ရွက်ရာဒေသရှိ ဒေသခံတို့အပေါ်တွင် ကိုယ်ခြင်းစာ၍စိတ်ဝင်စားမှုထားရှိပါက တွေ့ကြုံရသော အဆင်မပြေမှုများနှင့် စိတ်ကသိကအောက်ဖြစ်စရာများမှာ များစွာလျော့ပါးသွားမည့်အပြင် မိမိလုပ်ငန်းအောင်မြင်ရေးအတွက် ဒေသခံတို့၏ ကူညီရိုင်းပင်းမှုကိုလည်း အပြည့်အ၀ရရှိပေမည်။ ၄။ အခြေခံလေ့ကျင့်သင်ကြားမှုနှင့်ကွင်းဆင်းအတွေ့အကြုံ (Basic Training and Experience) ဘူမိဗေဒပညာရှင်များသည် မိမိ၏လုပ်ငန်းတွင် စိတ်အားထက်သန်မှုရှိရပေမည်။ မိမိ၏အလုပ်တွင် စိတ်ဝင်စားမှုမရှိသူ၏လုပ်ဆောင်ချက်သည် မည်သည့်အခါမျှ ကျေနပ်ဖွယ်ရာရှိမည်မဟုတ်ပေ။ မိမိ၏ ဘူမိဗေဒပညာရပ်၏ အဓိကဘာသာရပ်ခွဲများတွင် အခြေခံကောင်းပြီး ကျယ်ကျယ်ပြန့်ပြန့်နားလည်ရမည်။ အဘယ်ကြောင့်ဆိုသော် ကွင်းဆင်းလုပ်ငန်းဆောင်ရွက်ရာဒေသများသည် မည်သည့်စာကြည့်တိုက်မျှ လက်လှမ်းမမီသည့်အပြင် ကျွမ်းကျင်သူအထူးပြုပညာရှင်များနှင့်လည်း တိုင်ပင်ဆွေးနွေးအကြံညဏ်မရယူနိုင်ချေ။ ထို့ကြောင့် ဘူမိဗေဒသမားများသည် တွေ့မြင်သမျှ ဘူမိဗေဒအချက်အလက်အားလုံးကို မြင်တတ်ကြည့်တတ်သုံးသပ်တတ်သော ပညာအခြေခံရှိရမည်။ သို့မဟုတ်ပါက မိမိဆောင်ရွက်နေသော လုပ်ငန်းအတွက် အလွန်ထူးခြားပြီး အရေးပါသော သွင်ပြင်လက္ခဏာများကို အမှတ်မထင် လျစ်လျူရှူမိတတ်သည်။ အတွေ့အကြုံသည် လွန်စွာအရေးကြီးပြီး လက်တွေ့လုပ်ဆောင်ခြင်းဖြင့်သာ ရရှိလေသည်။ ကွင်းဆင်းလုပ်ငန်းဆောင်ရွက်ပုံနည်းစနစ်ကောင်းများကို စာသင်ခန်းထဲတွင် ရုံးခန်းထဲတွင် သင်ပေးယုံ သင်တန်းပို့ချယုံ စာအုပ်များကိုကိုယ်တိုင်ဖတ်နေယုံဖြင့် ကျွမ်းကျင်တတ်မြောက်နိုင်မည်မဟုတ်ပေ။ ၅။ ကြိုတင်စီမံမှုနှင့်အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှု (Planning and Executive Ability) ဘူမိဗေဒကွင်းဆင်းလုပ်ငန်းဟူသမျှ ကြိုတင်စီမံရေးဆွဲ၍ လုပ်ဆောင်ရန်လိုအပ်လေသည်။ လုပ်ငန်းတစ်ခုလုံးအတွက် စီမံချက်နှင့် နေ့စဉ်ဆောင်ရွက်လုပ်ကိုင်သွားရမည့်မည့် စီမံချက်များကို ရေးဆွဲ၍ဆောင်ရွက်ရန် လိုအပ်ပေသည်။ ကွင်းဆင်းလုပ်ငန်းတစ်ခု၏ ထိရောက်စွမ်းဆောင်နိုင်မှုသည် ရရှိသည့်အချိန်အတွင်း လုပ်အားကိုအကျိုးရှိစွာ အသုံးချနိုင်မှုအပေါ်တွင် မူတည်သည်။ ၄င်းအချက်သည်လူအမျိုးမျိုးပါဝင်၍ ပူးပေါင်းဆောင်ရွက်ရသော ကွင်းဆင်းအဖွဲ့အတွင်းတွင် ပို၍အရေးကြီးလေသည်။ အဖွဲ့ဝင်များ၏အတွေ့အကြုံနည်းပါးမှုကို အဖွဲ့ခေါင်းဆောင်၏ကျွမ်းကျင်မှုဆိုင်ရာဦးဆောင်မှု (Professional Leadership) ညွှန်ကြားနိုင်မှုတို့နှင့် အားဖြည့်ပေးနိုင်သည်။ ဝေးလံ၍ ခက်ခဲသောဒေသများတွင် ဆောင်ရွက်ရမည့် ကွင်းဆင်းလုပ်ငန်းအတွက် ကြိုတင်စီမံရာတွင် ကွင်းသုံးပစ္စည်းကရိယာများရွေးချယ်မှု နှင့် ရိက္ခာထောက်ပံ့မှုတို့ပါဝင်လေသည်။ ထိုကိစ္စများအတွက် အတွေ့အကြုံပေါ်တွင် အခြေခံ၍ဆုံးဖြတ်ရန်လိုအပ်လေသည်။ အဘယ်ကြောင့်ဆိုသော် လုပ်ငန်းထိရောက်မှု၊ အဆင်ပြေမှုနှင့် အဖွဲ့၏အသက်အန္တရာယ်လုံခြုံမှုများလည်း အထက်ပါအချက်တွင် မူတည်နေပေသည်။ ညံ့ဖျင်းသောကြိုတင်စီမံမှုနှင့်မှားယွင်းသော ဆုံးဖြတ်ချက်များကြောင့် စိတ်မချမ်းမြေ့ဘွယ်ရာများနှင့် ကြုံတွေ့ရတတ်ပါသည်။ ၆။ အဆင်ပြေစွာပေါင်းသင်းဆက်ဆံတတ်မှု (Diplomacy and Tact) ဘူမိဗေဒကွင်းဆင်းလုပ်ငန်းများဆောင်ရွက်ရာတွင် အမြဲလိုပင်သူစိမ်းများနှင့် ဆက်ဆံကြရပြီး၊ တပါးသူများ၏ ခြံမြေများအတွင်း ၀င်ရောက်လုပ်ကိုင်ရသည့်အခါများလည်းရှိပေသည်။ ဒေသခံများနှင့်ဆက်ဆံရာတွင် အလိုက်သိပြီး စိတ်ရှည်စွာဆက်ဆံ၍ ချစ်ခင်ရင်းနှီးမှုကို ထူထောင်ရမည်။ ကွင်းဆင်းအဖွဲ့တစ်ခုတွင် အဖွဲ့ဝင်များသည် ကာလကြာမြင့်စွာ အတူနေအတူစား၍လုပ်ငန်းအတူတကွ ဆောင်ရွက်ကြရသဖြင့် တစ်ဦးနှင့်တစ်ဦး သည်းခံမှု၊ သဘောထားကြီးမှု၊ အလိုက်သိမှုတို့ဖြင့် ပြေပြေလည်လည်ဆက်ဆံကြမှသာ လုပ်ငန်းခွင်ပျော်ရွှင်ချမ်းမြေ့ပြီး လုပ်ငန်းများ ချောမွေ့အောင်မြေပေမည်။ အတိုက်အခံဖြစ်မှုနှင့် စိတ်မချမ်းမြေ့ဘွယ်ရာများ မကြုံရလေအောင် သည်းခံ၍စိတ်ရှည်ရှည်ထားပြီး ဟာသညဏ်ဖြင့်ဆက်ဆံရေး တင်းမာမှုများကို ဖယ်ရှားရန်လိုအပ်ပေသည်။

ဘူမိဗေဒ

ဘူမိဗေဒ (Geology, from Greek: γη, gê, "earth"; and λόγος, logos, "speech" lit. မြေကြီး အကြောင်းပြောခြင်း) သည် ကမ္ဘာမြေကြီးရှိ ဓာတ်ဝတ္တု အဆိုင်အခဲနှင့် ၄င်းတို့၏ ပါဝင်မှုများကို လေ့လာသော သိပ္ပံဘာသာရပ် ဖြစ်သည်။ ကျောက်တုံး၊ မြေကြီး၊ ကျောက်မျက် ရတနာတို့ကို လေ့လာသော ဘူမိဗေဒသည် ပါဝင်ပေါင်းစပ်မှု အချိုးအစား၊ ပုံသဏ္ဍာန်၊ ရုပ်သဘော၊ သမိုင်းကြောင်းနှင့် ကမ္ဘာကြီးအား ပုံထုခဲ့သော ဖြစ်စဉ်များကို လေ့လာသည်။ ကမ္ဘာမြေကြီး ကိုလေ့လာသောသိပ္ပံပညာ လည်း ဖြစ်သည်။ ဘူမိဗေဒ ပညာရှင် များက ကမ္ဘာ၏ သက်တမ်းကို နှစ်ထောင်ပေါင်း ၄.၆ သန်း ရှိပြီဟု ခန့်မှန်းပြီး ကမ္ဘာ၏ အခွံဖြစ်သော ကျောက်လွှာသည် အပိုင်းပိုင်း အစစသော tectonic platesများ ဖြင့်ဖွဲ့တည်ထားပြီး ရွေ့ရှားလျက်ရှိသည်။ ဘူမိဗေဒပညာရှင်များသည် ကမ္ဘာ၏ သယံဇာတများဖြစ်သည့် ရေနံ၊ ကျောက်မီးသွေး၊ သတ္တုများဖြစ်သော သံ၊ ကြေးနီ၊ ယူရေနီရမ်ကို ရှာဖွေဖေါ်ထုတ်သည်။ ထို့အပြင် စီးပွားရေးအရ အရေးပါသော ကျောက်မျက် ရတနာများ၊ မီးခံကျောက်၊ ကျောက်ပွ(perlite)၊ မိုက်ကာ၊ ဖိုစဖိတ်(phosphates)၊ ဇီယိုလိုက်(zeolites)၊ အိုးမြေ(clay)၊ သလင်းကျောက်နှင့် စီလီကာတို့ကိုလည်း ရှာသည်။ ဘူမိဗေဒသည် မြို့ပြ အင်ဂျင်နီယာ၊ soil mechanics၊ ဟိုက်ဒယိုလိုဂျီ၊ ပတ်ဝင်းကျင် အင်ဂျင်နီယာနှင့် ဘူမိပယောဂဗေဒ (geohazards) တို့တွင် လည်း အရေးပါသည်။ ဘူမိဗေဒဆိုသည်မှာ အင်္ဂလိပ်လို ” geology “ ဖြစ်ပါသည်။ geo = the earth , logy = study Geology is the study of the earth. ဘူမိဗေဒဆိုသည်မှာ ကမ္ဘာမြေကြီးကို လေ့လာသော ဘာသာရပ်ဖြစ်သည်။ ကမ္ဘာမြေကြီး၏ မည်သည့် အစိတ်အပိုင်း များကို လေ့လာကြသည်ကို ဖော်ပြရသော် အောက်ပါကဲ့သို့ ဖြစ်ပေသည်။ (၁) The origin and age of the earth .ကမ္ဘာမြေကြီး၏ မူလအစနှင့်သက်တမ်းကို လေ့လာရန်၊ (၂) The internal structure and composition of the earth .ကမ္ဘာ့အတွင်းပိုင်းအနေအထားနှင့် ဖွဲ့စည်းပုံကို လေ့လာရန်၊ (၃) The chemical composition of the rock and their genese .ကမ္ဘာမြေကြီးကို ဖွဲ့စည်းထားသော ကျောက်များ၏ ဓာတ်ဖွဲ့စည်းပုံနှင့်၎င်းတို့၏ဖြစ်ပေါ်လာပုံ၊ (၄) The primary and secondary structure of the rock formed.ဖြစ်ပေါ်လာသော ကျောက်များ၏ မူလဖြစ် အနေအထားနှင့် နောက်ဖြစ်အနေအထား၊ (၅) The economic mineral deposits and their genese . စီးပွားရေးတွင် အရေးပါသော တွင်းထွက်သိုက်များနှင့် ၎င်းတို့ဖြစ်ပေါ်လာပုံ၊ (၆) The study of the ever changing morphology of the earth’s surface , and the natural forces and processes that cause an unstable phenomenon of the earth’s interior .ကမ္ဘာ့မျက်နှာပြင်၏ ဘူမိရုပ်သွင်ထာဝရ ပြောင်းလဲမှုနှင့် သဘာဝတရား၏ ပြုလုပ်မှု ဖြစ်စဉ်များကြောင့် ကမ္ဘာ့အတွင်းပိုင်း၏ မတည်မြဲသော ထူးခြားဆန်းကြယ်သည့် အသွင်များ၊ (၇) The geologists history of the earth .ကမ္ဘာကြီး၏ ဘူမိသမိုင်းကြောင်းကို လေ့လာရန်၊ အထက်ပါအချက် (ရ) ချက်ဖြင့် ကမ္ဘာမြေကြီးကို ဘူမိဗေဒပညာရှင် (geologists) များက လေ့လာကြပေသည် ။ ၎င်းလုပ်ငန်းများမှာ_ သဘာဝလောင်စာရရှိရေး၊ နျူကလီးယားလောင်စာရရှိရေး၊ အသုံးဝင်သော သတ္တုရိုင်းရရှိရေး၊ စက်မှုကုန်ကြမ်းသုံး တွင်းထွက်ရရှိရေး၊ ဆောက်လုပ်ရေးပစ္စည်းများ ရရှိရေး၊ အလှဆင်ကျောက်ရရှိရေး၊ ရေကောင်းရေသန့်ရရှိရေး၊ ကျောက်မျက်ရတနာ ရရှိရေး၊ ဆည်မြောင်း ၊ တာတမံ ၊ တူးမြောင်း ၊ တိုက်တာအိုးအိမ် ၊ လမ်းတံတားဖောက်ရန် စသည်တို့အတွက် နေရာကောင်းရရှိရေး၊ သဘာဝအန္တရာယ်များဖြစ်သော မီးတောင်ပေါက်ကွဲမှုများ ၊ ရေကြီးလွှမ်းမိုးမှုများ ၊ မြေလွှာပြတ်ရွှေ့မှုများ၊ ငလျင် လှုပ်ခတ်မှုများကို ခန့်မှန်းပေးရန် စသည့်လုပ်ငန်းကြီး (၁၀)ရပ်ကို မိမိတို့၏ တတ်သိသောပညာဖြင့် စွမ်းစွမ်းတမံ ဖော်ထုတ်၍ လူသားအကျိုးထမ်းဆောင်ရပေမည်။ ဘူမိဗေဒဘာသာရပ်သည် သဘာဝသိပ္ပံ (natural science) ဘာသာရပ်ဖြစ်သည် ။ ၎င်းဘာသာရပ်သည် Physics, Chemistry, Mathematics, Biology, Botany, Geography အစရှိသော ဘာသာများရပ်များနှင့် ဆက်စပ်နေသော ဘာသာရပ်ဖြစ်သည်။ ဘူမိဗေဒ (Geology) ဘာသာရပ်၏ ဘာသာရပ်ခွဲများကို ဖော်ပြရသော်… Mineralogy (တွင်းထွက်များကို လေ့လာသောဘာသာရပ်) Petrology (ကျောက်ပညာကို လေ့လာသောဘာသာရပ်) Economic geology (စီးပွားဖြစ် ဘူမိဗေဒ) Structural geology (အနေအထား ဘူမိဗေဒ) Geomophology ( ဘူမိရုပ်သွင် ) Stratigraphy ( တရာဗေဒ ) Paleontology (ကျောက်ဖြစ်ရုပ်ကြွင်း ) Geochronology ( ဘူမိအချိန်ကို လေ့လာသော ဘာသာရပ် ) Paleobotany ( အတိတ် ရုက္ခဗေဒ ) Paleozoology ( အတိတ် သတ္တဗေဒ ) Mining geology ( သတ္တုတွင်း ဘူမိဗေဒ ) Geochemisty ( ဘူမိဓာတုဗေဒ ) စသည့် ဘာသာရပ်ခွဲများ ဖြစ်ပေသည် ။ ကျောက်ဖြစ်ရုပ်ကြွင်းပါဝင်နေသည့် ကျောက်တုံး ဘူမိဗေဒဘာသာရပ်သည် သဘာဝသိပ္ပံဘာသာရပ်ဖြစ်သည်နှင့်အညီ ကမ္ဘာမြေကြီး၏ သဘာဝတရားများကို ခေတ်အဆက်ဆက် ဖော်ထုတ်ရပေမည်။ ဘူမိသိပ္ပံပညာရပ်များ ဘူမိဗေဒနှင့် အခြားသဘာဝသိပ္ပံပညာရပ်များ၏ ဆက်စပ်မှုကို တိုးချဲ့လေ့လာခဲ့ကြ၍- ဘူမိဓာတုဗေဒ (Geochemistry)၊ ဘူမိရူပဗေဒ (Geophysics)၊ ဇလဘူမိဗေဒ (Hydrogeology)၊ အင်ဂျင်နီယာဘူမိဗေဒ (Engineering Geology)၊ ပတ်ဝန်းကျင်ရေးရာ ဘူမိဗေဒ (Environmental Geology)၊ အဏ္ဏဝါဘူမိဗေဒ (Marine Geology) စသည့် ဘူမိသိပ္ပံပညာရပ်ခွဲများ ပေါ်ထွက်လာခဲ့သည်။ ကျောက်အမျိုးမျိုးကို လေ့လာသောပညာ ပထဝီမြေကြီး တစ်ခုလုံးကို လေ့လာရသော ကျယ်ဝန်းနက်နဲသည့် ပညာရပ်ဖြစ်၍၊ နီးစပ်ရာသဘောတူ ဘာသာရပ်ခွဲ များစွာပါဝင်သည်။ ဘူမိဗေဒကို စံနစ်တကျ လေ့လာခြင်းသည် နှစ် ၂ဝဝ ပင် မပြည့်တတ်သေးသော်လည်း ကျောက်အမျိုးမျိုး ဖြစ်ပေါ်ရပုံ၊ တောင်များ ပေါ်ပေါက်လာ ပုံစသော မေးခွန်းများကို ဘူမိဗေဒပညာရပ်က ဖြေရှင်းပေးနိုင်သည်။ ဘူမိဗေဒပညာဟူသည် ပထဝီ မြေကြီးကို လေ့လာသော ပညာပင်ဖြစ်၏။ ကမ္ဘာဦးအစ လွန်ခဲ့သော နှစ်ပေါင်း သန်း ၄၅ဝဝ မှ မျက်မှောက်ခေတ်အထိ ကမ္ဘာမြေ ကြီးအတွင်းအပြင်ရှိသော ကျောက် အမျိုးမျိုး၏ သဘော၊ ပေါ်ပေါက်ပုံ၊ ပြောင်းလဲပုံ အစရှိသည်တို့ကို လေ့လာခြင်းပင် ဖြစ်လေသည်။ ကာလအားဖြင့် နှစ်ပေါင်း သန်း ၄၅ဝဝ အတွင်း ဖြစ်ရပ်များအပြင်၊ လေ့လာဖွယ်ရာ ဝတ္ထုပစ္စည်းများမှာလည်း ကမ္ဘာတစ်ခုလုံး၏ အတွင်းအပြင်ရှိ ပထဝီမြေကြီးတစ်ခုလုံး ဖြစ်လေရာ၊ အလွန်မှပင် ကျယ်ဝန်းနက်နဲလှ၏။ ဤသို့ ကျယ်ဝန်းနက်နဲမှုကြောင့်လည်း ဘူမိဗေဒပညာရပ်တွင် အခြား သိပ္ပံပညာများနည်းတူ ဘာသာရပ်ခွဲများ စိတ်ပိုင်းကာ အသေး စိတ် လေ့လာမှုများ ပြုလုပ်ကြလေသည်။ဘူမိဗေဒပညာရပ်၏ ဘာသာရပ်ခွဲများကား အောက်ပါအတိုင်းပင် ဖြစ်၏။ သရူပ်ဘူမိဗေဒ သည် ကမ္ဘာပထဝီမြေကြီး၏ အတွင်း အပြင်ရှိ ရုပ်ဝ•ုပစ္စည်းများ၏ ပေါ်ပေါက်ပုံ၊ ပြောင်းလဲပုံ၊ ကြေမွပျက်စီးပုံစသော လုပ်ငန်းအသီးအသီးကို လေ့လာခြင်း ဖြစ်သည်။ ဤပညာရပ်တွင်ပင် အဏ္ဏဝ ဗေဒသည် ပင်လယ် သမုဒ္ဒရာထုကို လည်းကောင်း၊ ငလျင်ပညာ ( ဘူကမ္ပဗေဒ ) သည် မြေငလျင်ကို လည်းကောင်း ထပ်မံ၍ အသေးစိတ် လေ့လာကြသည်။ နေထားဘူမိဗေဒသည် ဖိအား၊ တွန်းအား၊ ကန်အား၊ ဒဏ်အားစသော အားအသီးအသီးတို့၏ ဒဏ်ကြောင့်ပေါ်ပေါက် လာသော ကျောက်လွှာကျောက်စိုင်တို့၏ နေထားကို လေ့လာ ခြင်းဖြစ်သည်။ ဒိုင်နမစ်ဘူမိဗေဒ၊ တက်တိုးနစ်စသော ပညာ ရပ်ခွဲများသည် နေထာဘူမိဗေဒတွင် ပါဝင်ကြသည်။ ခနိဇဗေဒသည် ခနိဇများ၏ ဓာတုဒြပ်တည်ဆောက်ပုံ၊ သွင်ပြင်၊ မူလအစရှိသော ခနိဇ၏ သဘာဝကို လေ့လာသော ပညာဖြစ်သည်။ သေလဗေဒ ဟူသည်မှာ ခနိဇများစုပေါင်း တည်ဆောက်ထားသော ကျောက်များကို လေ့လာသော ပညာ ပင်ဖြစ်၏။ ဘူမိဗေဒသဘောအားဖြင့် မာသည် ပျော့သည် မတူ၊ ကမ္ဘာ့အပေါ်ယံ မြေလွှာတွင် ရှိသရွေ့မြေတ္ထု ပစ္စည်းအားလုံးကို ကျောက်ဟုပင် ခေါ်ဆိုသည်။ ကျောက်များ သည် ယေဘုယျအားဖြင့် မီးသင့်ကျောက်၊ အနည်ကျကျောက် နှင့် သွင်ပြင်ကျောက်ဟူ၍ ၃ မျိုးရှိပေရာ သေလဗေဒပညာ တွင်လည်း ဤကျောက် ၃ မျိုးကို အနုစိတ် လေ့လာသော ဘာသာစိတ်များ ရှိလေသည်။ နိခါတကဗေဒ ( ရုပ်ကြွင်းကျောက်ပညာ ) သည် ရုပ်ကြွင်းကျောက်များကို လေ့လာသောပညာဖြစ်၏။ ရုပ်ကြွင်း ကျောက်များသည် အတိတ်တွင် နေထိုင်ခဲ့သော သက်ရှိဝတ္ထု ပစ္စည်းများ၏ အကြွင်းအကျန်များ ဖြစ်လေရာ၊ ယင်းတို့ကို လေ့လာခြင်းဖြင့် ထိုခေတ်၏ အခြေအနေကို သိသာနိုင်သည်။ ရုပ်ကြွင်းကျောက်များသည် ကျောက်လွှာများ၏ သက်တမ်းကို စူးစမ်းရာတွင်လည်း အထူးအသုံးဝင်သည်။ နိခါတကဗေဒတွင် သစ်ရုပ်ကြွင်း ကျောက်များကို လေ့လာသော ပုရာရုက္ခဗေဒ၊ သတ္တဝါရုပ်ကြွင်း ကျောက်များကို လေ့လာသော ပုရာပါဏ ဗေဒ၊ အလွန်သေးငယ်သော ရုပ်ကြွင်းကျောက်များကို လေ့လာ သော အနုနိခါတကဗေဒဟူ၍ ဘာသာစိတ်များ ရှိပြန်လေ သည်။ ထရဗေဒကိုမူကား အခြားဘာသာရပ်ခွဲများ၏ အတိတ် သမိုင်းကို လေ့လာခြင်းဖြစ်သောကြောင့် အချို့ပညာရှင်များက သမိုင်းဘူမိဗေဒဟူ၍လည်း ခေါ်သည်။ ဘောဂဘူမိဗေဒ ဘာသာရပ်ခွဲမှာမူ ဘူမိဗေဒပညာရှင် ၏ စီးပွားရေး သဘောလေ့လာမှု ဖြစ်သည်။ ဘောဂအင်အား၏ အခြေခံကုန်ကြမ်းများဖြစ်သော သတ္တုများ၊ မဟုတ်သော အခြား ခနိဇများ၊ လောင်စာများ စသည်တို့၏ သဘာဝနှင့် စီးပွားရေး အရ ထုတ်လုပ်နိုင်မှုကို လေ့လာသော ပညာဖြစ်လေသည်။ အင်ဂျင်နီယာဘူမိဗေဒသည် အင်ဂျင်နီယာ တည်ဆောက်မှု လုပ်ငန်းများတွင် လိုအပ်သော ဘူမိဗေဒ ပညာ ရပ်ပင်ဖြစ်သည်။ ရေလှောင်ကန်များ၊ တမံများ၊ တံတားများ၊ ဥမင်များ ဖောက်လုပ်ရာဝယ် မြေအနေအထားကို လေ့လာ၍ မည်သို့ဆောက်သင့်သည်ဟု ကြံဆရသော ပညာမှာ အင်ဂျင်နီယာဘူမိဗေဒပင် ဖြစ်၏။ လူ့လော ကတွင် အိမ်တွင်း သုံးရန်နှင့် စက်မှုလုပ်ငန်းများအတွက် ရေအမြောက်အမြား လိုအပ်လေရာ၊ ရေစိမ့်လွှာ၊ ရေအောင်းကျောက် စသည်တို့ကို လေ့လာ၍ ရေရနိုင်သော ကျောက်လွှာကို ရှာဖွေရသော ဇလဗေဒ (ဥဒကဗေဒ) သည် အင်ဂျင်နီယာ ဘူမိဗေဒ၏ အစိတ်အပိုင်း တစ်ရပ်ပင် ဖြစ်လေသည်။ ဘူမိဗေဒပညာရပ်သည် ဓာတုဗေဒ၊ ရူပဗေဒတို့ကဲ့သို့ အခြေခံသိပ္ပံ ပညာမဟုတ်ဘဲ၊ ပထဝီမြေကြီးကို ယင်းအခြေခံ သိပ္ပံပညာ၏ နည်းစနစ်သဘောများ အသုံးပြုကာ လေ့လာထား ခြင်းဖြစ်၏။ ထို့ကြောင့် ဘူမိဗေဒသည် အခြားသိပ္ပံပညာများ နှင့် ဆက်သွယ်မှု မှီခိုမှုရှိသည်။ ပုံစံအားဖြင့် နိခါတကဗေဒ သည် ပါဏဗေဒနှင့် ဆက်သွယ်နေကာ၊ ခနိဇဗေဒနှင့် သေလ ဗေဒသည် ဓာတုဗေဒနှင့် ရူပဗေဒတိ့နှင့်ကင်း၍ မတည်နိုင်ချေ။ နေထားဘူမိ ဗေဒသည် ဘူမိဗေဒပုစ္ဆာများကို သင်္ချာနည်းဖြင့် ဖြေရှင်းခြင်းသာ ဖြစ်လေသည်။ မျက်မှောက်ခေတ်တွင်မှ ပေါ်ပေါက်ထွန်းကားလာ၍၊ ဘူမိဗေဒနှင့် နွှယ်နေသော ဘာသာရပ်များမှာ ဘူမိ ရူပဗေဒနှင့် ဘူမိဓာတုဗေဒတို့ဖြစ်ကြသည်။ ဘူမိရူပဗေဒပညာသည် ဒြဗ် ဆွဲအား၊ သံလိုက်အား၊ လျှပ်စစ်တုံ့ခံမှုနှင့် ငလျင်လှိုင်းတို့ကို အသုံးပြုကာ ပထဝီမြေကြီး ( အထူးသဖြင့် အတွင်းပိုင်း ) ကို လေ့လာသော ပညာဖြစ်သည်။ ( ဘူမိရူပဗေဒ။) ဘူမိဓာတုဗေဒ ပညာသည်ကား ကမ္ဘာ့အပေါ်ယံ မြေလွှာ၏ ဓာတုဒြဗ်သဘောကို လေ့လာခြင်း ဖြစ်သည်။ ယင်းပညာတွင် နောက်ဆုံးထွန်းကားလာသော လေ့လာမှုမှာ မြေဆီလွှာတွင် ပါရှိသော ဓာတုဒြဗ်ကို လေ့လာခြင်းဖြင့် မြေအောက်တွင် မည်သို့သော အကျိုးပြု သတ္တုသိုက်ရှိနိုင်မည်ကို စူးစမ်းခြင်းပင် ဖြစ်လေသည်။ ထို့ကြောင့် ဘူမိဗေဒကို လေ့လာရာတွင် နည်း ၂ သွယ်ရှိသည်။ ပထမနည်းမှာ သိပ္ပံပညာသဘော သက် သက် ဖြစ်ကာ ပထဝီမြေကြီး၏ သဘောနေထား အတိတ်သမိုင်းကို လေ့လာခြင်းဖြစ်၍၊ ဒုတိယနည်းကာ ဤပညာရပ်ကို အသုံး ပြုကာ စီးပွားရေး ရှုထောင့်မှ လေ့လာခြင်းပင်ဖြစ်၏။ သို့သော် မည်သည့်နည်းဖြင့် လေ့လာစေကာမူ အခြေခံမှာ ဘူမိဗေဒ မြေပုံဖြစ်၍ ယင်းကို ကွင်းဆင်းဘူမိဗေဒ ပညာဖြင့် ရေးဆွဲ ရလေသည်။ ဘူမိဗေဒကို ဥရောပသမိုင်း ခေါမ (ဂရိ) ခေတ်၊ ရောမခေတ်တို့တွင်ပင် လေ့လာမှုရှိကြောင်း တွေ့ရသော်လည်း စနစ်တကျ လေ့လာမှုမှာ နှစ် ၂ဝဝ ပင် မပြည့်သေးချေ။ ခေါမခေတ်ပညာရှိ အယ်ရစ္စတိုတယ်သည် ငလျင်လှုပ်ခြင်းကို ကမ္ဘာပထဝီမြေအတွင်းရှိ ဝါယောဓာတ်ကြောင့် ဖြစ်ပေါ်သည်ဟု ယူဆခဲ့၏။ ၁၆ ရာစုနှစ်တွင် ရောမပန်းချီကျော်ကဝိလီယိုနာဒို ဒါဗင်းချိက ပင်လယ်ခရုများရှိရာ လက်ရှိကုန်းမြင့်များသည် တစ်ကြိမ်က ပင်လယ်အောက်တွင် ရှိခဲ့၍ နောက်မှ မြေမြင့် တက်လာခဲ့ခြင်း ဖြစ်သည်ဟု တွေးယူခဲ့ဖူးလေသည်။ ခေတ်သစ်ဘူမိဗေဒကိုကား ၁၇၉၅ ခုနှစ်တွင် စကော့ လူမျိုး ဂျိမ်းဟတ်တန် ပြုစုသော ကမ္ဘာပထဝီ မြေနိယာမ စာအုပ်မှ စတင်ခဲ့သည်ဟု ယူဆရပေမည်။ ဂျိမ်းဟတ်တန်သည် ပစ္စုပ္ပန်သည် အတိတ်၏ သော့ ချက်ဖြစ်သည် ဟူသော ယူနီဖော်နီတေးရီးယန်း အယူအဆဖြင့် ဘူမိဗေဒ၏ အခြေခံ အယူအဆကို အုတ်မြစ် ချခဲ့သူ ဖြစ်လေသည်။ ၁၈၁၅ ခုနှစ်တွင် အင်္ဂလိပ်လူမျိုး ဝီလျံစမစ်သည် အင်္ဂလန်ပြည်နှင့် ဝေလပြည်၏ ဘူမိဗေဒမြေပုံကို ရေးဆွဲ တင်ပြကာ ရုပ်ကြွင်းကျောက်များဖြင့် ကျောက်စဉ်ကို စူးစမ်း၍၊ ဘူမိအတိတ်ကာလကို သမိုင်းသဖွယ် လေ့လာနိုင်ကြောင်းဖြင့် ထရေဗေဒအခြေခံ သဘာကို တီထွင်ကြံဆခဲ့သည်။ ယင်းတို့၏ အယူအဆများကို ဆာ ချားလိုင်းယဲက ပိုမိုခိုင်မြဲပြန့်ပွားစေ ခြင်းဖြင့် ဘူမိဗေဒပညာသည် ဥရောပတိုက် အနောက် မြောက်ပိုင်းတွင် စတင်တည်မြဲခဲ့သည်။ ဂျိမ်းဟတ်တန်နှင့် ခေတ်ပြိုင်လောက်တွင် ဥရောပ တိုက်၌လည်း ဘူမိဗေဒပညာသည် ထွန်းကားလျက် ရှိ၏။ ထိုခေတ်တွင် ကျော်ကြားသူမှာ ဂျာမန်လူမျိုး ပါမောက္ခအဗ ရာဟမ် ဂေါ့တလော့ဗာနာဖြစ်သည်။ ဗာနာသည် မီးသင့် ကျောက်အပါအဝင် ကျောက်များအားလုံး၏ မူလသည် အာပေါ ဓာတ်ကြောင့် ဖြစ်သည်ဟူသော နက်ပကျွန်းအယူအဆကို ဦးဆောင်ခဲ့သူဖြစ်၏။ ဤအယူအဆသည် မှားယွင်းသော အယူအဆဖြစ်သည်နှင့်အညီ ၁၉ ရာစုနှစ်ဦးတွင်ပင် ယုံကြည် သူ မရှိတော့ချေ။ ပြင်သစ်နိုင်ငံတွင်ကား ဘူမိယုဂ်ကုန်ဆုံး တိုင်းပင် ကပ်ဆေးကာ သတ္တဝါများ သေကြေပျက်စီး၍ ယုဂ်သစ်တွင် သတ္တဝါသစ်များ ဖန်ဆင်းခဲ့သည် ဟူသော ကပ်ဆေးပြောင်းလဲခြင်း အယူအဆကို တီထွင်ခဲ့သူ ဇော့မ္ဘက် လေအိုပို ကူဗီယေးသည် ထိုခေတ်တွင် ထင်ရှားခဲ့လေသည်။ ၁၉ ရာစုနှစ်တွင်မူကား မျက်မှောက်ခေတ် ဘူမိဗေဒ အယူအဆအများပင် စတင်ပေါ်ပေါက်လာခဲ့ပြီးလျှင်၊ ဘူမိဗေဒ ပညာ လေ့လာမှုသည်လည်း ဥရောပတိုက်တွင်သာ မကတော့ ဘဲ၊ မြောက်အမေရိကတိုက်၊ 0x100သစတြေးလီး ယားတိုက်နှင့် အာရှတိုက်တို့သို့ပြန့်ပွားလာခဲ့၏။ ၁၉ ရာစုနှစ် နှောင်းပိုင်း နှင့် ၂ဝ ရာစုနှစ်တွင်မူကား အာဖရိက တိုက်သို့ပါ ပြန့်ပွား သွားလေသည်။ မြန်မာနိုင်ငံတွင်မူ ဘူမိဗေဒလေ့လာမှုသည် မြန်မာ မင်းများလက်ထက်က ကျောက်မျက်ရတနာ အကဲဖြတ် နိုင်ရန် အတွက်သာ အဓိကရှိခဲ့၍ သိပ္ပံပညာတစ်ရပ် အနေဖြင့် ပညာ သက်သက် လေ့လာမှုကား မရှိခဲ့ပေ။ ဘူမိဗေဒ မှတ်တမ်း အနေဖြင့် အစောဆုံး တွေ့ရှိရသော မှတ်တမ်းမှာ ၁၅၉၉ ခုနှစ် တွင် ရေးသားခဲ့သော ရပ်ဖစ်၏ ခရီးသွား မှတ်တမ်းဖြစ်၏။ ထိုမှတ်တမ်းတွင် တနင်္သာရီ ကမ်းရိုးတန်းဘက်တွင် တွေ့ရှိ သော သံဖြူအကြောင်း ဖော်ပြထားသည်ကို တွေ့ရှိရသည်။ ရှေးမှတ်တမ်းများအနက် ၁၇၉၉ ခုနှစ် ထုတ်ဟီရမ်ကောက်စ၏ အမရပူရမြို့တော်သို့ဧရာဝတီမြစ်ကြောင်းဖြင့် ဆန်တက်သော ခရီးသွားမှတ်တမ်းတွင် ရေနံချောင်း ရေနံတွင်းများအကြောင်း ရေးသား ထားချက်သည်လည်း စိတ်ဝင်စားဖွယ် ကောင်းပေ သည်။ မြန်မာနိုင်ငံ၏ ဘူမိဗေဒလေ့လာမှု သမိုင်းကို စိစစ် ကြည့်သော် အင်္ဂလိပ်-မြန်မာ စစ်ပွဲများနှင့် အထူး ဆက်စပ်နေ ကြောင်း တွေ့ရှိရသည်။ အင်္ဂလိပ်-မြန်မာစစ်ပွဲပြီးတိုင်း အင်္ဂလိပ် မစ်ရှင်တစ်ဖွဲ့လာရိုးရှိလေရာ ထိုအဖွဲ့တိုင်းပင် ဘူမိဗေဒစူးစမ်းလေ့လာမှုများ ပြုလုပ်လေ့ရှိကြောင်း တွေ့ရှိ ရလေသည်။ ပထမ အင်္ဂလိပ်-မြန်မာစစ်ပွဲအပြီးတွင် လာရောက် သော ဂျေကရောဖို့မစ်ရှင် အဖွဲ့မှ ကောက်ယူခဲ့သည့် ဘူမိဗေဒ စံများကို လန်ဒန်ဘူမိဗေဒ တော်ဝင်အသင်းကြီး၏ ဥက္ကဋ္ဌဖြစ်ခဲ့ ဖူးသူ ဝီလျံဗတ်ကလန်က လေ့လာခဲ့၍ ဒုတိယအင်္ဂလိပ်-မြန်မာ စစ်ပွဲအပြီး လာသော ဆာဟင်နရီယူး မစ်ရှင်အဖွဲ့တွင်ကား ဘူမိဗေဒပညာရှင် တီအိုလဒမ် ပါဝင်ခဲ့ရာ၊ ယင်းတို့၏ ဘူမိဗေဒ မှတ်တမ်းများသည် မြန်မာနိုင်ငံ ဘူမိဗေဒ လေ့လာ ရာတွင် မှတ်တိုင်များပင် ဖြစ်ကြပေသည်။ မြန်မာနိုင်ငံ ဘူမိဗေဒကိုလေ့လာ စူးစမ်းသူများသည် ၄ မျိုး ၄ စားရှိသည်။ ယင်းတို့မှာ အစိုးရ ဘူမိဗေဒတိုင်းတာ ရေးဌာန၊ ရေနံနှင့် သတ္တုတွင်း ကုမ္ပဏီများ၊ တက္ကသိုလ်နှင့် ပုဂ္ဂလိက လေ့လာသူများ ဖြစ်ကြ၏။ အစိုးရဘူမိဗေဒတိုင်းတာ ရေးဌာနသည် ဘူမိဗေဒတိုင်းတာလေ့လာရေး လုပ်ငန်းကို အချိန်ပြည့် လုပ်သူများဖြစ်၍ လုပ်ငန်းအတွင်ဆုံး ဖြစ်သည်။ ပထမ အင်္ဂလိပ်-မြန်မာ စစ်ပွဲအပြီးတွင် အင်္ဂလိပ် တို့က ရခိုင်နှင့် တနင်္သာရီကမ်းမြောင်ဒေသကို သိမ်းယူ ခဲ့သော်လည်း၊ ထိုကာလတွင် အိန္ဒိယပြည်၌ ဘူမိဗေဒ တိုင်းတာရေး ဌာနဟူ၍ မဖွင့်လှစ်ရသေးချေ။ ဒုတိယ အင်္ဂလိပ်-မြန်မာ စစ်ပွဲအပြီး ကာလတွင်မှ ထိုဌာနစတင် ဖွင့်လှစ်ခဲ့ပြီးလျှင် ရခိုင်ကမ်းရိုးတန်းရှိ ရွှံ့မီးတောင်များနှင့် တနင်္သာရီ ကမ်းရိုးတန်းရှိ သံဖြူသတ္တုသိုက်များကို လေ့လာ သည်။ ၁၉၇ဝ ပြည့်နှစ်လောက်ရောက်သာ အခါတွင်မူ အောက်မြန်မာပြည်ကိုပါ လေ့လာကြလေသည်။ ၁၈၈၅ ခုနှစ်တွင် အထက်မြန်မာနိုင်ငံပါ ကျရှုံးသော အခါတွင်မူ အိန္ဒိယ ဘူမိဗေဒ တိုင်းတာရေးဌာနသည် မြန်မာ ပြည်အဖွဲ့တစ်ဖွဲ့သီးသန့်လေ့လာရန် စီစဉ်ခဲ့သည်။ ထိုစဉ်က အထူးလေ့လာခဲ့သော ဒေသများမှာ ရေနံမြေနှင့် ပတ္တမြားနယ် မြေတို့ဖြစ်၏။ နောင်တွင် ရှမ်းပြည်၊ အထက်မြန်မာပြည်နှင့် မြေလတ်ပိုင်း၊ တနင်္သာရီ စသော ဒေသများတွင် စံနစ်တကျ ဘူမိဗေဒ သဘောအားဖြင့် တိုင်းတာလေ့လာမှုများ ပြုလုပ် သည်။ ၁၉၃၇ ခုနှစ်တွင် မြန်မာပြည်သည် ၉၁ ဌာန အုပ်ချုပ်ရေးအရ အိန္ဒိယပြည်နှင့် ခွဲခွာလိုက်သောကြောင့် မြန်မာပြည် ဘူမိဗေဒ ဌာနဟူ၍ သီးခြားဌာနတစ်ခု တည် ထောင်ခဲ့၏။ သို့သော် ထိုဌာနသည် အိန္ဒိယ ဘူမိဗေဒ တိုင်းတာရေးဌာန၏ ဌာနခွဲမျှ သာ ဖြစ်ကာ၊ လေ့လာရေး လုပ်ငန်းအားလုံးကို ပင်မဌာနနှင့် ပူးတွဲဆောင်ရွက်ခဲ့ရ လေသည်။ မြန်မာပြည် ဘူမိဗေဒကို လေ့လာရာတွင် တိုင်းတာရေးဌာန အနေဖြင့် ကျော်ကြားသူများမှာ တီအိပ်ချ ဒီလာတု ( ရှမ်းပြည် မြောက်ပိုင်း )၊ အက်ဒွင်ပတ်စကို ( နောင်တွင် ဆာဘွဲ့ရသည် ) ( မြန်မာ့ ရေနံအင်အား )၊ ဂျေကော့ဂင်ဗရောင်း ( ဘော်တွင်း၊ ရှမ်းပြည်မြောက်ပိုင်းနှင့် တောင်ပိုင်း၊ တနင်္သာရီဒေသ )၊ ဂျီဒီပီကော့တာ ( မြေလတ် )၊ အီးအယ်ဂျီကလက် ( ခရီတေးရှပ်ကျောက်စဉ်စု၊ မြန်မာနိုင်ငံ သံဖြူနှင့် တန်စတင်၊ သရက်မင်းဘူး ) တို့ဖြစ်ကြသည်။ ရေနံကုမ္ပဏီများအနက် ဘီအိုစီ ရေနံကုမ္ပဏီသည် ဘူမိဗေဒလေ့လာရာတွင် အတတ်ကြွဆုံးဖြစ်၏။ ရေနံထွက် သော တတိယကပ်ကျောက်များရှိရာ မြန်မာပြည် အလယ်ပိုင်း ချိုင့်ဝှမ်းကို ဘီအိုစီရေနံကုမ္ပဏီသည် အသေးစိတ်လေ့လာခဲ့ ၏။ တတိယကပ်အတွင်း ဖြစ်ပေါ်ခဲ့သော ကျောက်စဉ်များကို ခွဲခြားရာ၌ ၁၉၃၃ ခုနှစ်က တင်ပြခဲ့သော ဘီအိုစီ ဘူမိဗေဒ ပညာရှင်များ၏ အယူအဆကို ယခုအခါ အားလုံးကပင် လက်ခံကြသည်။ ဘီအိုစီ ရေနံကုမ္ပဏီ ဘူမိဗေဒပညာရှင်များ အနက် ထင်ရှားသူများမှာ ဂျီဒဗျူလက်ပါး၊ အက်ဖအီအင်း၊ စီအေဆန်ဆမ်နှင့် အိပ်ချ၊ အာ၊ တိန်းရှတို့ဖြစ်ကြ၏။ အင်ဒိုဘားမား ရေနံကုမ္ပဏီခေါ် အိုင်ဘီပီရေနံကုမ္ပဏီတွင် ဘူမိဗေဒ ပညာရှင်များ ရှိသော်လည်း ကျော်ကြားမှုမရှိလှချေ။ တီအိုမောရစ် တစ်ဦးသာလျှင် မြန်မာ့ ကျောက်ခေတ်ကိရိယာ များကို လေ့လာခြင်းတွင် ထင်ပေါ်ခဲ့လေသည်။ ရန်ကုန်တက္ကသိုလ်အနေဖြင့်မူ ၁၉၂၃ ခုနှစ်တွင် ပါမောက္ခ အယ်ဒတ်ဒလေ စတမ့်ကို စတင်ခန့်ထားခဲ့ရာမှ ဘူမိဗေဒဌာန စတင်ပေါက်ဖွားခဲ့၏။ စစ်ကြိုခေတ် တစ် လျှောက်လုံးတွင် တက္ကသိုလ်ဘူမိဗေဒဌာနသည် ဌာနငယ် တစ်ရပ် အဖြစ်နှင့်သာ ရှိခဲ့သည်။ ပါမောက္ခစတမ့်သည် ရိုးမရေနံကုမ္ပဏီတွင် ခေတ္တထမ်းရွက်ခဲ့ဖူးရာမှ မြန်မာ နိုင်ငံ၏ တတိယကပ်ကျောက်များနှင့် စပ်လျဉ်း၍ အရေးပါသော အခြေခံ အယူအဆများကို ထုတ်ဖော်ခဲ့သူ ဖြစ်၏။ ၁၉၃ဝ ပြည့်နှစ်မတိုင်မီ တက္ကသိုလ်ကထိက ဖြစ်ခဲ့ဖူးသူ အိပ်ချအယ် ချစ်ဗားသည် ထိုခေတ်အထိ လေ့လာပြီးသမျှသော ဘူမိဗေဒ တွေ့ရှိချက်များကို စုပေါင်းကာ မြန်မာနိုင်ငံ ဘူမိဗေဒနှင့် မြန်မာနိုင်ငံ ဓာတ်သတ္တု အရင်းအမြစ်များ ဟူသော စာအုပ် ၂ အုပ်ကို ပြုစုခဲ့သူဖြစ်လေသည်။ ပုဂ္ဂလိက လေ့လာသူများအနက် ၁၉ ရာစု နှစ်ဦးပိုင်း တွင် တနင်္သာရီ ကမ်းမြေ|ာင်ဒေသရှိ ကျောက်များနှင့် ဓာတ် သတ္တုများကို လေ့လာခဲ့သူ အက်ဖ မေဆွန်သည် ထင်ရှား၏။ ထိုပုဂ္ဂိုလ်ကြီးသည် မြန်မာဓာတ်သတ္တု အခေါ် အဝေါ်မျာကို လည်း သိပ္ပံအမည်များအရ စာရင်းပြုလုပ်သွားခဲ့သူ ဖြစ်သည်။ ၁၉ ရာစုနှစ်အလယ်ပိုင်းတွင် အီ၊ အို၊ ရိုင်လေ၏ လေ့လာမှု များကို တွေ့ရှိရ၏။ ၂ဝ ရာစုနှစ်တွင်ကား ဒုတိယ ကမ္ဘာစစ် ကြီး မတိုင်မီနှစ်များအတွင်း၌ အမေရိကန် ယထာဘူတ အသင်းနှင့် အမေရိကန် သဘာဝသမိုင်း ပြတိုက်ကြီးက ကြီးမှူး သော အရှေ့တောင် အာရှ စူးစမ်းလေ့လာရေး အဖွဲ့သည်စိတ်ဝင် စားဖွယ် လေ့လာမှုများ ပြုလုပ်ခဲ့သည်။ အဖွဲ့ခေါင်းဆောင်မှာ ဟဲလမတ်ဒါ တာရားဖြစ်၍၊ ရည်ရွယ်ချက်မှာ ပီကင်းလူနှင့် ဂျာဗားလူ ပေါ်ပေါက်ရာ တရုတ်နိုင်ငံနှင့် အရှေ့အိန္ဒိယကျွန်းစု ( ယခုအခေါ် အင်ဒိုနီးရှာနိုင်ငံ ) အကြားရှိ မြန်မာပြည်တွင် ရှေးဦးလူများ ရှိနိုင်ကောင်းသောကြောင့် စူးစမ်းရှာဖွေ နိုင်ရန် လာရောက်ခြင်း ဖြစ်သည်။ ထိုအဖွဲ့သည် ကျောက်ခေတ် လူရိုးများ မတွေ့ရှိခဲ့သော်လည်း အထက်မြန်မာ ပြည်တွင် ကျောက်ခေတ်လူသုံးပစ္စည်းများ တွေ့ရှိခဲ့ခြင်းကို မှီငြမ်းပြုကာ မြန်မာ့ကျောက်ခေတ်လူကို အညာ သီယန် ဟူ၍ပင် မှည့်ခေါ်သွားခဲ့လေသည်။ (ဒေါက်တာ ဦးညီညီ) [၁] ကိုးကား ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၈) Last updated March 8, 2013 Content is available under CC BY-SA 3.0 unless otherwise noted